❗️ သတိပြုစရာ ရေကျောက်ရောဂါ ❗️

🦠 ရေကျောက်ရောဂါ (Chickenpox) ဆိုသည်မှာ Varicella-zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ယားယံပြီး သေးငယ်သည့် အဖုပုံစံလေးတွေ ဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး မစိုးရိမ်ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အလွန်ကူးတတ်ပါတယ်။

⚠️ ရေကျောက် ကာကွယ်ဆေး မထိုးထားသူများ၊ တစ်ခါမှ ရေကျောက် မပေါက်ဖူးသေးသူများ၊ ဆေးလိပ်သောက်သူများ၊ ခုခံအားကျဆင်းမှု ရောဂါ (HIV) ရှိသူများ၊ စတီးရွိုက်ဆေး သောက်နေသူများတွင် ရေကျောက်ပေါက်တတ်ပါတယ်။

🛑 ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၁၀ ရက်မှ ၁၂ ရက်ခန့်အကြာမှာ အဖုတွေ စထွက်တတ်ပါတယ်။ အဖုထွက်တာက ၅ ရက်မှ ၁၀ ရက်ခန့် ကြာနိုင်ပါတယ်။ အဖုမထွက်ခင် ၁ရက်၊၂ ရက်ခန့်အလိုမှာတော့ ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခြင်းတို့ စဖြစ်တတ်ပါတယ်။

🔺 ရေကျောက်ရဲ့ ပုံစံမှာ အနီဖုလေးတွေ စပေါက်ပါတယ်၊ ထိုအနီဖုလေးတွေက ရက်အနည်းငယ်ကြာတဲ့အခါ ပျောက်သွားပါတယ်။ အနီဖုတွေအပြင် အရည်ကြည်ဖုလေးတွေလည်း ပေါက်ပါတယ်။ အရည်ကြည်ဖုလေးတွေက ၁ ရက်လောက်နေရင် ပေါက်သွားပြီး အနာဖေးတက်ပါတယ်။ ဒါကြောင့် ရေကျောက်ပေါက်တဲ့အခါ အနီဖု၊ အရည်ကြည်ဖုနဲ့ အနာဖေးတွေကို တစ်ချိန်တည်းမှာ တွေ့ရနိုင်ပါတယ်။ ရေကျောက်က ခန္ဓာကိုယ် တစ်ခုလုံးမှာ ထွက်နိုင်ပါတယ်။

🔴 အဖုတွေ ထွက်မလာခင် ၄၈ နာရီအတွင်းမှာ တခြားသူကို ကူးတတ်ပါတယ်။ အဖုတွေ ပေါက်သွားပြီး အနာမကျက်မချင်းလည်း ကူးတတ်ပါသည်။ အဖုတွေနဲ့ ထိမိရာမှတဆင့်၊ ရေကျောက်ရှိသူ ချောင်းဆိုး၊ နှာချေရာမှ တဆင့် ကူးစက်နိုင်ပါတယ်။ လူတစ်ခေါက်မှာ ၁ခါထပ်ပိုပြီးတော့လည်း ပေါက်နိုင်ပေမယ့် အလွန်ရှားပါးပါတယ်။

🛡 ရေကျောက်ကာကွယ်ဆေးကို ကလေးငယ်များတွင် အသက် ၁၂ လမှ ၁၅ လအတွင်း ၁ ကြိမ်၊ ၄ နှစ်မှ ၆ နှစ်အတွင်း ၁ ကြိမ် ထိုးရပါမယ်။ ၆ နှစ်ကျော်မှ စထိုးမယ် ဆိုရင်တော့ ၇ နှစ်နှင့် ၁၂ နှစ်ကြားတွင် ၃လခြားပြီး ၂ ကြိမ်၊ ၁၃ နှစ် အထက်ဆိုလျှင် ၁ လခြားပြီး ၂ ကြိမ် ထိုးရပါမယ်။

✅ ရေကျောက်ပေါက်ရင် ဖျားတာ၊ ခေါင်းကိုက်တာ သက်သာအောင် paracetamol, အယားသက်သာအောင် antihistamine သောက်နိုင်ပါတယ်။ ယားတဲ့ နေရာတွေကို calamine lotion လိမ်းပေးခြင်း၊ cooling gel patch ကပ်ခြင်းတို့ လုပ်နိုင်ပါတယ်။ ရေချိုးခြင်းဖြင့် ရေကျောက်ကို မပွားစေသလို၊ ယားယံမှုကိုလည်း သက်သာစေတဲ့အတွက် ရေချိုးနိုင်ပါတယ်။

⭕️ အကယ်၍ အနာဖေးမတက်ဘဲ အလွန်နီရဲ ရောင်ရမ်းပြီး ပိုးဝင်လာတဲ့အခါ၊ အဖုတွေက မျက်လုံးတွေမှာပါ ပေါက်လာတဲ့အခါ၊ အဖျားမကျဘဲ 102 F (38.9 C) ကျော်တဲ့အခါ၊ ရင်ဘတ်အောင့်ပြီး အသက်ရှူမဝတဲ့အခါ၊ ၆ လ အောက် ကလေးများတွင် ပေါက်တဲ့အခါမှာတော့ ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။ကိုယ်ဝန်ရှိခါစ ကူးစက်ခံရလျှင် ပေါင်မပြည့်ဘဲ မွေးခြင်း၊ ကိုယ်လက်အင်္ဂါမစုံခြင်းတို့ ဖြစ်နိုင်ပြီး မွေးခါနီး (သို့) မွေးပြီးခါစ ကူးစက်ခံရလျှင် ကလေးကိုလည်း ပြင်းထန်စွာ ကူးစက်နိုင်ပါတယ်။

💢 ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရောဂါပျောက်သွားပြီးတဲ့နောက်မှာ အာရုံကြောဆဲလ်တွေထဲမှာ ကျန်ရစ်နေနိုင်ပြီး နှစ်တွေ ကြာတဲ့အခါ ရေယုန်အဖြစ် ပြန်ထွက်တတ်ပါတယ်။ ကိုယ်ခံအားနည်းတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်သည်၊ ခုခံအား ကျဆင်းမှု ရောဂါ ရှိသူများ၊ ခုခံအားချတဲ့ ဆေးတွေ သောက်နေရသူများကလွဲရင် ရေကျောက် ဖြစ်ဖူးတဲ့ သူတွေက shingles vaccine ထိုးထားသင့်ပါတယ်။

ရေကျောက်ပေါက်တဲ့အခါ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လာပါက မနော်ဟရီ (၁၁၀) လမ်း၊ ၆၂လမ်းနှင့် ၆၄လမ်းကြားရှိ ဇီဝကဆေးခန်းမှာလည်း လာရောက်ပြသနိုင်ပါတယ်ရှင့်…💜

Leave a Comment