လေဖြတ်ပြီးနောက်ဆက်တွဲ ဂရုစိုက်နည်း

🔱 လေဖြတ် ဝေဒနာရှင်အား အိမ်မှာ ပြုစုစောင့်ရှောက်ဖို့ဆိုတာ မိသားစုဝင်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်သူဟာ လူနာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြုလုပ်ရာတွင် ကူညီပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ ပြန်လည်ကောင်းမွန်လာအောင် လေ့ကျင့်ပေးခြင်းတို့ကို အဓိက ဆောင်ရွက်ရမှာဖြစ်ပါတယ်။

🧠 ဦးနှောက်သို့ သွေးပို့ဆောင်မှု ရပ်သွား၍ အောက်စီဂျင်နှင့် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ပေးပို့မှု ကျဆင်းသွားကာ ဦးနှောက် အစိတ်အပိုင်းများ ထိခိုက်မိရာမှ လေဖြတ်ခြင်း ဖြစ်ပါတယ်။ ထိခိုက်သွားတဲ့ ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး လူနာတစ်ဦးနှင့် တစ်ဦး မတူဘဲ အသိဉာဏ်ပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ကြုံတွေ့ရပါတယ်။

🙌 ကိုယ်ချစ်ရတဲ့ လေဖြတ်နေတဲ့ မိသားစုဝင်ကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ အိမ်မှာ ဘယ်လိုပြုစုစောင့်ရှောက်မှုတွေ ပေးရမလဲဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။ လေဖြတ် လူနာကို ပြုစုခြင်းက လူနာ၏ ချက်ချင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့သာမကဘဲ ပြန်လည်ထူထောင်ရေးကို အားပေးဖို့ရာအတွက်လည်း အရေးကြီးပါတယ်။

✔️ လေဖြတ်ထားသူဟာ ချော်လဲနိုင်ခြေ များတာကြောင့် အိမ်မှာ ချော်ကျလွယ်တတ်တဲ့နေရာတွေရှိရင် ပြင်ထားဖို့၊ ခလုတ်မတိုက်မိအောင် ပစ္စည်းပစ္စယများကို ရှင်းလင်းထားဖို့ လိုပါတယ်။

✔️ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဂရုစိုက်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာကို တိုးတက်မှုရှိစေလို့ လူနာကို စိတ်ခွန်အားပေးရပါမယ်။

✔️ အဝတ်အစား ဝတ်တဲ့အခါ လေဖြတ်ထားတဲ့ အခြမ်းကို အရင်ဝတ်ပေးပြီးမှ ကောင်းတဲ့ဘက်ကို ဝတ်ပေးတာက ပို၍ လွယ်ကူ အဆင်ပြေစေပါတယ်။

✔️ လူနာကို သူ့ကိုယ်သူ အားကိုးတတ်ဖို့၊ မိမိကိုယ်ကို ယုံကြည်မှု လျော့မသွားစေဖို့ သူကိုယ်တိုင် လုပ်နိုင်တဲ့ နေ့စဉ် လုပ်ငန်းဆောင်တာလေးတွေဆို ကိုယ်တိုင် လုပ်ခိုင်းရပါမယ်။

✔️ နေ့စဉ် လှုပ်ရှားမှုများကို မှတ်စု (သို့) ဓာတ်ပုံလေးတွေကို အသုံးပြုပြီး သိမြင်မှုဆိုင်ရာ တိုးတက်မှုရှိအောင် လေ့ကျင့်ပေးရပါမယ်။

✔️ ဆရာဝန် ညွှန်ကြားထားသည့် ဆေးများကို မမေ့မလျော့ သေချာ တိုက်ရပါမယ်။

✔️ လူနာ၏ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှု အသစ်များ ရှိခဲ့လျှင် သိနိုင်အောင် အမြဲစောင့်ကြည့်ပေးဖို့ လိုပါမယ်။

✔️ လေထပ်မဖြတ်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ ကျွေးသင့်ပြီး ကိုယ်လက်လှုပ်ရှားမှုရှိအောင် အတူတူ လမ်းလျှောက်ပေးတာမျိုး လုပ်ဆောင်ပေးရပါမယ်။

⭕️ ယခင်ကလို ပြန်ကောင်းလာဖို့ဆိုရင် ကျွမ်းကျင်သူနှင့် တိုင်ပင်ပြီး ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများကို ထပ်ခါထပ်ခါ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ထပ်ခါထပ်ခါ လေ့ကျင့်မှုများ ပြုလုပ်ပေးခြင်းဖြင့် ပျက်စီးသွားသော ဦးနှောက်အစိတ်အပိုင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။

🚫 တစ်ဦးနှင့် တစ်ဦး ထိခိုက်မိတဲ့ ဦးနှောက် အစိတ်အပိုင်း မတူတာကြောင့် တစ်ခြားသူနှင့် ယှဉ်ပြီး တိုးတက်မှု အားနည်းလို့ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်တာမျိုး မလုပ်သင့်ပါ။ မြန်မြန် ပြန်ကောင်းချင်စိတ်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာမျိုးတွေလည်း မလုပ်သင့်ပါ။ နေ့စဉ် လှုပ်ရှားမှုတွေဟာ ပုံမှန်လူတွေထက် စွမ်းအင် ပိုလိုအပ်တာကြောင့် လူနာအနေနဲ့ အားပြန်ဖြည့်ပြီး သက်သာလာစေဖို့ အရင်ကထက် အိပ်ချိန်ပိုယူပြီး အနားယူပေးဖို့ လိုအပ်ပါတယ်။

💠 ဦးနှောက်ဆိုတာ အသက်အရွယ်မရွေး၊ အချိန်အပိုင်းအခြားမရွေး ပြန်လည်ကောင်းမွန်နိုင်တဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် လက်မလျှော့လိုက်ပါနဲ့။ လေဖြတ်ပြီး (၁၀) စုနှစ်ကျော် ကြာနေပြီဆိုရင်တောင်မှ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ လုပ်မယ်ဆိုရင် ကောင်းမွန်လာဖို့ မျှော်လင့်ချက် ရှိနေသေးကြောင်း အားပေးစကား ပြောပါရစေရှင်။

Leave a Comment