⭕️ ဂေါက်ရောဂါအကြောင်း တစေ့တစောင်း

🛑 ဂေါက်ရောဂါဆိုသည်မှာ အဆစ်များရဲ့ ဘေးပတ်လည်တွင် ယူရစ်အက်စစ်များ အနည်ထိုင်စုပုံလာခြင်းကြောင့်ဖြစ်လာသော အဆစ်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဂေါက်ရောဂါရှိလျှင် အဆစ်နေရာများတွင် ရုတ်တရတ် ပြင်းထန်သော ရောင်ရမ်းနာကျင်မှုများကို ဖြစ်စေပါတယ်။
🩸 ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှ ထုတ်လိုက်သည့် ယူရစ်အက်စစ်များဟာ သွေးထဲမှတစ်ဆင့် ကျောက်ကပ်ကိုရောက်ကာ ဆီးနှင့်အတူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ခံရပါတယ်။ အကယ်၍ ခန္ဓာကိုယ်မှ ယူရစ်အက်စစ်အထွက်များခြင်း (သို့) ကျောက်ကပ်မှ ယူရစ်အက်စစ်များကို ကောင်းစွာ စွန့်ထုတ်မပေးနိုင်ခြင်းများ ဖြစ်လာပါက ပိုလျှံလာတဲ့ ယူရစ်အက်စစ်များဟာ သေးငယ်ချွန်ထက်တဲ့ အစိုင်အခဲများအဖြစ် အဆစ်ဘေးပတ်လည်မှာ စုပုံလာပါတော့တယ်။ ထိုအစိုင်အခဲတွေက အဆစ်တွေကို ရောင်ရမ်းနာကျင်စေခြင်း ဖြစ်ပါတယ်။
🔴 ဂေါက်ရောဂါဟာ အသက် (၃၀) ကျော် အမျိုးသားများ၊ သွေးဆုံးပြီး အမျိုးသမီးများတွင် အဓိက ဖြစ်လေ့ရှိပြီး အမျိုးသားတွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။ အဆစ်ရှိသည့် နေရာတိုင်းတွင် ဖြစ်နိုင်ပြီး များသောအားဖြင့် ခြေမ၊ ခြေကျင်းဝတ်၊ ဒူးနှင့် လက်ချောင်းများတွင် ပိုဖြစ်လေ့ရှိပါတယ်။
❗️ ဂေါက်ရောဂါ၏ လက္ခဏာများမှာ ခန္ဓာကိုယ်ရှိ အဆစ်တစ်ခု (သို့) တစ်ခုထက်ပိုသော အဆစ်နေရာများတွင် ပြင်းထန်စွာ နာကျင်ခြင်း၊ ပူခြင်း၊ နီရဲရောင်ရမ်းခြင်းများ ဖြစ်လေ့ရှိပါတယ်။ ဂေါက်လက္ခဏာတွေက ယူရစ်အက်စစ်တွေ စုပုံပြီး နာရီအနည်းငယ်အတွင်းမှာ စပေါ်လာတတ်ကာ ပုံမှန်အားဖြင့် (၁၀) ရက်ခန့် ကြာလေ့ရှိပါတယ်။
🔺 ဂေါက်ရောဂါ ဖြစ်နိုင်ချေ အလားအလာကို များစေတဲ့ အကြောင်းရင်းတွေကတော့ အဝလွန်ခြင်း၊ သွေတိုး ဆီးချိုရှိခြင်း၊ ဂေါက်ရောဂါ မျိုးရိုးရှိခြင်း၊ ကျောက်ကပ်မကောင်းခြင်း၊ ယူနစ်အက်စစ်ကို အနည်ထိုင်စေတဲ့ အစားအစာတွေဖြစ်သော အနီရောင်ရှိသော အသား၊ ကလီစာ၊ ပင်လယ်စာများ အစားများခြင်း၊ ဘီယာအသောက်များခြင်းတို့ ဖြစ်ပါတယ်။
💊 ဂေါက်ရောဂါ လက္ခဏာများ နောက်ထပ်မခံစားရအောင် ဝိတ်ချခြင်း၊ အစားအသောက်ရှောင်ခြင်းများ လုပ်ဆောင်သင့်ပါတယ်။ ရောင်ရမ်းနာကျင်နေသည့် အဆစ်နေရာကို ရေခဲကပ်ပေးနိုင်ပါတယ်။ ဂေါက်ရောဂါရှိလျှင် ရောင်ရမ်းနာကျင်ခြင်းများ သက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်သောက်ဆေး၊ colchicine (ကိုလ်ချီစင်း) တို့ကို သောက်သုံးရပါတယ်။ ထိုဆေးများကိုတော့ ရောဂါလက္ခဏာ သက်သာသွားလျှင် ရပ်ရမှာ ဖြစ်ပါတယ်။ ရောဂါပျောက်ဖို့ကတော့ ယူရစ်အက်စစ်ပမာဏကို လျှော့ချပေးနိုင်သည့် Allopurinol, Febuxostat စသည့်ဆေးများကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း စနစ်တကျ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
🚫ဂေါက်ရောဂါရှိလျှင် ရှောင်သင့်တဲ့ အစားအစာများကတော့ သကြားပါဝင်မှုများသော အချိုရည်များ၊ မှို၊ မျှစ်၊ ပဲပင်ပေါက်၊ အရက်ဘီယာနဲ့ ကလီစာတို့ ဖြစ်ပါတယ်။
အကယ်၍ ဂေါက်ရောဂါကို မကုသဘဲ ထားပါက ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ယူရစ်အက်စစ် အစိုင်အခဲများ စုရာမှ အကျိတ်ဖုကြီးဖြစ်ပြီး အဆစ်များ ပျက်စီးသည်အထိ ဖြစ်သွားနိုင်လို့ မိမိတွင် ဂေါက်ရောဂါလက္ခဏာများ ခံစားရပါက သေချာကုသမှုခံယူဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်…❣️