⛈ မိုးမိလို့ မဖျားရအောင်
🤧 ယခုလို မိုးရာသီမှာ မိုးလေး နည်းနည်းမိလိုက်ပြီဆိုတာနဲ့ ကိုယ်လက်တွေ ညောင်းကိုက်ပြီး ဖျားချင်ချင် ဖြစ်နေပါသလား???
ဒီလိုဆိုရင်တော့ အလုပ်ပျက် အကိုင်ပျက်နဲ့ အင်မတန် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒါမျိုးတွေ မဖြစ်ရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်လို့ရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။
🦠 မိုးရာသီဆိုတဲ့ ကာလအပိုင်းအခြားဟာ ရောဂါပိုးမွှားများနှင့် ဖျားနာခြင်းတွေရန်ကနေ ကင်းဝေးအောင် ကျန်းမာရေးကို ဂရုစိုက်ပေးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ အသီးအနှံ၊ အစေ့အဆံနဲ့ ဟင်းသီးဟင်းရွက် များများစားပြီး ခန္ဓာကိုယ်အတွက် ပြည့်စုံမျှတသော အာဟာရဓာတ်များ ဖြည့်တင်းပေးဖို့ လိုလာပါပြီ။ လိမ္မော်သီး၊ ဘယ်ရီသီး၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ အစိမ်းရောင် ရှိတဲ့ အရွက်တွေကို များများစားဖြစ်ဖို့ လိုပါတယ်။ မိုးရာသီမှာ အလွယ်တကူ မဖျားစေဖို့ အသုံးဝင်မယ့် အကြံပြုချက်များကိုလည်း မျှဝေပေးပါရစေရှင်။
✅ ရေဓာတ်ပြည့်ဝအောင် နေပါ
ရေသည် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းစွာ လည်ပတ်စေတဲ့အတွက် တစ်နေ့တာလုံး လုံလောက်တဲ့ ရေပမာဏကို ရရှိအောင် သောက်သုံးပေးပါ။ ရိုးရိုးရေအပြင် ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်း (သို့) စွပ်ပြုတ်နွေးနွေးလေးတွေကလည်း အာဟာရဖြစ်စေပြီး မိုးဥတုမှာ နေသာထိုင်သာ ရှိစေပါတယ်။
✅ တစ်ကိုယ်ရေ သန့်ရှင်းမှု အားကောင်းအောင် လေ့ကျင့်ပါ
လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောသန့်စင်ပေးပါ။ အဓိကအားဖြင့် အစာမစားခင်နဲ့ အပြင်က ပြန်လာချိန်တွေမှာ ပိုပြီး ဂရုတစိုက် ဆေးကြောပေးရပါမယ်။ ရောဂါပိုးမွှားများ မပျံ့နှံ့အောင် လက်နဲ့ မျက်နှာကို ကိုင်တွယ်ခြင်းများ မလုပ်မိအောင်လည်း သတိထားရပါမယ်။ ရောဂါပိုးမွှား ကူးစက်နိုင်ချေကို လျှော့ချနိုင်အောင် နေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထားရပါမယ်။
✅ ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ရန် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်းနဲ့ ကျန်းမာသော ကိုယ်အလေးချိန် ထိန်းပေးခြင်းတို့ကို ပေးစွမ်းနိုင်ပါတယ်။ ယောဂကျင့်ခြင်း၊ အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ခြင်းလို အိမ်တွင်း လေ့ကျင့်ခန်းလေးတွေကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။
✅ အိပ်ချိန်ကို ဦးစားပေးပါ
တစ်ညလျှင် အိပ်ချိန် ၇-၈ နာရီပြည့်အောင် အိပ်စက်နိုင်ရန် ရည်မှန်းချက်ထားပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဖြင့် ခန္ဓာကိုယ်သည် ရောဂါပိုးမွှားများကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ သက်သောင့်သက်သာဖြင့် ပုံမှန် အိပ်ရာဝင်နိုင်အောင် လေ့ကျင့်ပါ။ အိပ်ရာဝင်ခါနီး screen time လျှော့ချပါ။
✅ ဖြည့်စွက်စာများ မှီဝဲပါ
ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်သော ဖြည့်စွက်စာများအား ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။ ဗီတာမင် စီ၊ ဒီ၊ အီးနှင့် ဇင့်က ကိုယ်ခံအားစနစ်ကို အကျိုးပြုပါတယ်။
💠 ကျန်းမာသော နေထိုင်မှုပုံစံနှင့် သန်မာသော ကိုယ်ခံအားစနစ်က အမြဲယှဉ်တွဲလျက် ရှိပါတယ်။ အထက်ပါ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် ခုခံအားကို ကောင်းမွန်စေပြီး သာမန်ဖျားနာမှုများမှ ကင်းစင်ကာ မိုးရာသီကို ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။