🧐 လျှာအောက်ငုံရတဲ့ ဆေးလေးတွေအကြောင်း

💊 ပုံမှန်သောက်ဆေးတွေလို ရေနဲ့မော့သောက်ရတာမဟုတ်ဘဲ လျှာအောက်မှာ ငုံထားပြီး သောက်ရတဲ့ ဆေးတွေကို sublingual လို့ ခေါ်ဆိုပါတယ်။ လျှာအောက်တွင် တံတွေးထုတ်ပေးသော တံတွင်းဂလင်း (Sublingual gland) ရှိတာကြောင့် sublingual လို့ ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။

🙌 Sublingual ဆေးတွေက ပုံမှန်သောက်ဆေးတွေနဲ့ ကွာခြားချက်များစွာ ရှိပါတယ်။ ပုံမှန် မျိုချရတဲ့ ဆေးလုံး၊ ဆေးတောင့်တွေက သွေးကြောထဲကို ရောက်ရှိပြီး အာနိသင်ပေးဖို့အတွက် အစာအိမ်နှင့် အူလမ်းကြောင်း၊ အသည်း စတဲ့နေရာတွေကို ဖြတ်သန်းရပါတယ်။ ထိုသို့ ဖြတ်သန်းရတဲ့အခါ လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ ဆေးမသောက်ခင်က စားထားတဲ့ အစားအသောက်နှင့် သောက်ထားတဲ့ တခြားသော ဆေးဝါးများ၊ အသည်း၏ လုပ်ဆောင်ချက် စတဲ့အချက်တွေက သွေးကြောထဲကိုရောက်ချိန်မှာ ပေးတဲ့ ဆေးရဲ့အာနိသင်ကို လျော့ကျစေပါတယ်။

💯 Sublingual ဆေးတွေကတော့ အစာအိမ်နှင့် အူလမ်းကြောင်း၊ အသည်း စတဲ့နေရာတွေကို ဖြတ်သန်းသွားနေစရာ မလိုဘဲ လျှာအောက်ရှိ ဆဲလ်တွေကနေတဆင့် စုပ်ယူပြီး သွေးကြောထဲ တိုက်ရိုက်ရောက်သွားတာကြောင့် ဆေးအာနိသင် အပြည့်အ၀ ရရှိပါတယ်။ ဈေးကွက်ထဲမှာ ရင်ဘတ်အောင့်လျှင် သုံးသော GTN ဆေးပြား၊ Piroxicam ပါသော အကိုက်အခဲပျောက်ဆေးပြားနှင့် သဘာဝအိပ်စက်ခြင်းဟော်မုန်း melatonin ဆေးပြားများကို sublingual ပုံစံဖြင့် ရရှိနိုင်ပါတယ်။ ဗီတာမင် B12, ဗီတာမင် ဒီ စတဲ့ ဖြည့်စွက်စာများကိုလည်း sublingual အနေဖြင့် ထုတ်လုပ်တာကို တွေ့ရှိရပါတယ်။

Sublingual ဆေးများ၏ အားသာချက်များ

✅· ဆေးကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း (သို့) အသည်းကို မထိခိုက်စေခြင်း

✅· သွေးကြောထဲ မြန်မြန်ရောက်သည့်အတွက် ရောဂါအမြန် သက်သာစေခြင်း

✅· ဆေးမျိုချရတာ အခက်အခဲရှိသူများတွင် အသုံးပြုနိုင်ခြင်း

Sublingual ဆေးများ၏ အားနည်းချက်များ

🔘· မျိုမချမိအောင် ဂရုစိုက်ရခြင်း

🔘 · အရသာမကောင်းသော၊ ပါးစပ်ကို ထိခိုက်စေနိုင်သော ဆေးများအား sublingual ပုံစံ မထုတ်လုပ်နိုင်ခြင်း

🔘· အာနိသင်ချက်ချင်းမရလိုဘဲ သောက်ပြီး အချိန်တစ်ခုကြာမှ အာနိသင်ဖြည်းဖြည်းချင်းထွက်လိုသော ဆေးများကို sublingual ပုံစံ မထုတ်လုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

Sublingual ဆေးများကို သောက်ချိန်တွင် ဂရုစိုက်ရမည့် အချက်များ

❕· ဆေးကို ငုံထားချိန်တွင် လဲလျောင်းမနေဘဲ မတ်မတ်ထိုင်နေပါ

❕· ဆေးကို ငုံထားချိန်တွင် အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းများ မလုပ်ရပါ

❕· ဆေးအားလုံးပျော်ဝင်သွားသည်အထိ ငုံထားပေးပါ။

⭕️ လျှာအောက်ငုံရတဲ့ ဆေးလေးတွေဟာဆိုရင် မြန်မြန်အိပ်ပျော်ချင်တဲ့ အခါမျိုး၊ မြန်မြန်အကိုက်အခဲသက်သာချင်တဲ့အခါမျိုး၊ ရင်ဘတ်အောင့်နေတာ အမြန်သက်သာဖို့ လိုအပ်နေတဲ့အချိန်မျိုးမှာ အင်မတန်မှ အကျိုးရှိတဲ့ ဆေးဝါးအမျိုးအစားပုံစံပဲ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အချိန်မှာ sublingual ဆေးများကို မှန်မှန်ကန်ကန်သောက်သုံးပေးခြင်းဖြင့် ရောဂါအမြန်သက်သာအောင် လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်ရှင်…💜

Leave a Comment