💠 “နှာစေးပျောက်ကင်း Fexofenadine”

⚠️ ခန္ဓာကိုယ်ထဲကို ပြင်ပမှ ပိုးမွှားများ (သို့မဟုတ်) ဓာတ်မတည့်မှု တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်ကနေ Histamine လို့ခေါ်တဲ့ chemical တစ်မျိုးကို အလိုအလျောက် ထုတ်ပါတယ်။ Histamine တွေထွက်တဲ့အခါ မျက်လုံးယားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ခန္ဓာကိုယ်ယားယံခြင်းတွေကို ဖြစ်စေပါတယ်။
Fexofenadine ဟာ ထွက်လာတဲ့ Histamine တွေကို ဆန့်ကျင်ပေးတဲ့ second generation antihistamine ဖြစ်လို့ နှာစေးတဲ့အခါနှင့် ယားယံတဲ့အခါတွေကို ကုသပေးပါတယ်။ သူက H1 receptor မှာသာ အလုပ်လုပ်ပါတယ်။ ခန္ဓာကိုယ်မှာဆိုရင် H1 receptor တွေက ဗဟိုအာရုံကြော အဖွဲ့အစည်းဖြစ်တဲ့ ဦးနှောက်နဲ့ ကျောရိုးတို့ရဲ့ အပြင်ဘက်တွေမှာပဲရှိလို့ တခြား နှာစေးပျောက်ဆေးတွေနဲ့ ယှဉ်ရင် အိပ်မငိုက်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ယာဉ်မောင်းသူများ၊ စက်ယန္တရားများနှင့် အလုပ်လုပ်သူများအတွက်ဆိုရင် သင့်တော်ပါတယ်။
⭕ Fexofenadine ကို ဈေးကွက်ထဲမှာ ဆေးရည် (Syrup) နဲ့ ဆေးခဲ (Tablet) ပုံစံတွေအနေနဲ့ ရရှိနိုင်ပါတယ်။ ပြင်းအားအနေနဲ့ 60mg, 120 mg, 180mg တွေ လာပါတယ်။ Brand တွေ အနေနဲ့ကတော့ Alerday, Alagra, Telfast, Maxxallergy, Allerfast တို့ကို ဝယ်ယူနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း (သို့မဟုတ်) ဆေးဘူးမှာပါတဲ့ အညွှန်းစာရွက်ထဲကအတိုင်းသာ သောက်သုံးသင့်ပါတယ်။
အသက် (၆) လမှ (၂) နှစ်ထိက (15mg) တစ်နေ့လျှင် (၂) ကြိမ်၊ အသက် (၂) နှစ်မှ (၁၁) နှစ်ထိက (30mg) တစ်နေ့လျှင် (၂) ကြိမ်၊ အသက် (၁၂) နှစ်နှင့်အထက် လူကြီးများက တစ်နေ့လျှင် (180mg) အထိ သောက်သုံးနိုင်ပါတယ်။ သောက်ပြီး မိနစ် (၂၀) အတွင်းမှာ အာနိသင်စပြပြီး အာနိသင်အကောင်းဆုံး အချိန်ကတော့ သောက်ပြီး (၂) နာရီမှ (၃) နာရီကြား ဖြစ်ပါတယ်။
❌ Fexofenadine ကို ပန်းသီးဖျော်ရည်၊ လိမ္မော်သီးဖျော်ရည်၊ ဂရိတ်ဖရုဖျော်ရည်စတဲ့ ဖျော်ရည်တွေနဲ့ တွဲသောက်ရင် အာနိသင်လျော့တတ်လို့ တွဲမသောက်သင့်ပါဘူး။ Aluminium, Magnesium တွေပါတဲ့ antacid တွေနဲ့ဆိုရင်လည်း ထိုနည်းတူပါပဲ။ ရေနဲ့ပဲ သောက်ပေးရပါမယ်။ အစာရှိရှိ၊ မရှိရှိ သောက်သုံးနိုင်ပါတယ်။ အကယ်၍ အအေးမိဖျားနာပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးများ သောက်နေပါက တခြား antihistamine များ ပါပြီးသားမျိုး ဖြစ်နိုင်တဲ့အတွက် Fexofenadine မသောက်ခင် ဆေးဝါးပညာရှင်ကို သေချာမေးမြန်းသင့်ပါတယ်။
🟥 ကျောက်ကပ်ရောဂါ ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှသာ သောက်ရပါမယ်။ ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်များ၊ အသက်(၆၅)နှစ်နှင့် အထက်လူကြီးများတွင်လည်း ကိုယ့်သဘောနဲ့ကို မသောက်သင့်ပါဘူး။
🔴 Fexofenadine ၏ ဘေးထွက်ဆိုးကျိုးများကတော့ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကယ်၍ သောက်ပြီးချက်ချင်း အဖုအပိမ့်များ ထွက်လာခြင်း၊အသက်ရှူရခက်ခြင်း၊ မျက်နှာနှင့် နှုတ်ခမ်းများ ဖူးရောင်လာခြင်းများ၊ အကြားအာရုံပုံမှန်မဟုတ်ခြင်းများ ဖြစ်လာပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံး ပြသရပါမယ်။ ဆေးသောက်တာ (၃) ရက်ကြာသည်အထိ တိုးတက်မှုမရှိရင်တော့ ဆရာဝန်နဲ့ ပြန်လည်ပြသသင့်ပါတယ်။