ဆယ်ကျော်သက်အရွယ်မှာ မိသားစု၏ ဖေးမပံ့ပိုးမှု
👨👩👧👦 ဆယ်ကျော်သက်များဟာ ကြီးကောင်ဝင်စ အရွယ်မှာ မိသားစုနှင့် ဆက်ဆံရေးက ပြောင်းလဲသွားလေ့ရှိပေမယ့် ငယ်စဉ်ကလိုပင် မိသားစုရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်နေဆဲ ဖြစ်ပါတယ်။
🙌🏻 မိဘများရဲ့ တာဝန်က ကလေးကို ပြုစုပျိုးထောင်ပေးဖို့၊ လမ်းပြပေးဖို့အပြင် ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့ပါ လိုအပ်ပါတယ်။ အစပိုင်းမှာ ကလေးနဲ့ လူကြီးကြား ကတောက်ကဆ ဖြစ်တတ်ကြပေမယ့် မိဘဘက်က သေချာလေး ပိုဂရုစိုက်ပြီး ရှင်းပြမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ဆက်ဆံရေး အဆင်ပြေလာမှာပါ။
👐🏻 ကြီးကောင်ဝင်စအချိန်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ မြန်ဆန်လာသလို စိတ်ပိုင်းဆိုင်ရာမှာလည်း အတက်အကျတွေ ရှိတတ်ပါတယ်။ ကလေးဟာ ပြောင်းလဲမှုများနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရသလို သက်တူရွယ်တူများရဲ့ လွှမ်းမိုးမှုများကြောင့် စိတ်ဖိစီးမှုဖြစ်တတ်တဲ့ အချိန်လည်းဖြစ်ပါတယ်။ ထိုကာလမှာ မိသားစုက ကလေးအား ချစ်မြတ်နိုးမှုကိုပြသပြီး ကလေးအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ အပြောင်းအလဲများကို ခံနိုင်ရည်ရှိဖို့၊ အကောင်းမြင်တတ်ဖို့ ပံ့ပိုးပေးရပါမယ်။
ဆယ်ကျော်သက် ကလေးနဲ့ ဆက်ဆံရေး ကောင်းမွန်စေဖို့အတွက် မိဘများအနေနဲ့
✅ ကလေးကို ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လိုတန်ဖိုးထားကြောင်း သူသိအောင် အမြဲပြောပြပါ။
✅ တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို ဆွေးနွေးပြောဆိုနိုင်အောင် မိသားစု ထမင်းလက်ဆုံစားပါ။
✅ အချိန်တစ်ခုပေးပြီး မိသားစုလိုက် ခရီးထွက်တာမျိုး၊ ဒါမှမဟုတ် အနီးအနားကို နေ့ချင်းပြန် အလည်အပတ်သွားတာမျိုး လုပ်ပေးပါ။
✅ ချက်ပြုတ်တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် ဝါသနာပါရာ တစ်ခုခုကို ကလေးနဲ့ အတူတကွလုပ်ဆောင်ပါ။
✅ ကလေးရဲ့ အောင်မြင်မှုများကို ဂုဏ်ပြုပါ။ စိတ်ညစ်စရာများကိုလည်း မျှဝေခံစားပေးပါ။
✅ မိသားစု ဓလေ့ထုံးတမ်းများ၊ လုပ်ရိုးလုပ်စဉ်များရှိလျှင် ကလေးကိုလည်း ပါဝင်လုပ်ဆောင်ခိုင်းပါ။
✅ ကလေးကို သူ့ကိုယ်သူ အသုံးဝင်တယ်၊ အရေးပါတယ်၊ အားကိုးရတယ်လို့ ခံစားရအောင် ပုံမှန်လုပ်ရမယ့် တာဝန်တစ်ခုခု ပေးထားပါ။ ဥပမာ ဘုရားပန်းလဲတာမျိုး၊ သောက်တော်ရေ ကပ်ခိုင်းတာမျိုး၊ အဘိုးအဘွားကို မနက်စာပြင်ဆင်ပေးတာမျိုး၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို အစာကျွေးတာမျိုးတို့ ဖြစ်ပါတယ်။
✅ မိသားစုအစည်းအဝေးလုပ်ခြင်းအားဖြင့်လည်း ကလေးဘက်ကနေ သူကြုံတွေ့နေရတဲ့ ပြဿနာရှိရင် ဖွင့်ပြောလာနိုင်ပါတယ်။
🤗 ပံ့ပိုးကူညီမှုရှိပြီး ရင်းနှီးသော မိသားစုဆက်ဆံရေးရှိခြင်းက ကလေးအား အရက်သေစာနှင့် မူးယစ်ဆေးသုံးစွဲမှုမှ၊ စိတ်ကျရောဂါကဲ့သို့ အန္တရာယ်ရှိသောအပြုအမူများမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကလေးရဲ့ ပညာရေးမှာလည်း မိဘအနေနဲ့ စိတ်ဝင်တစား ရှိခြင်းက ကလေးကို စာလေ့လာရာမှာ ကောင်းမွန်စွာ လုပ်ဆောင်လိုတဲ့ ဆန္ဒကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မိဘများအနေဖြင့် ဆယ်ကျော်သက်အရွယ် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် သူတို့ရဲ့ နေ့စဉ်ဘဝနေထိုင်မှုမှာ စိတ်ဝင်တစား ပါဝင်ဖေးမ ပေးကြဖို့ တိုက်တွန်းပါရစေ…💜