၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ

အားလုံးပဲ မင်္ဂလာပါရှင်၊ ဇီဝကဆေးဆိုင်က ကြိုဆိုပါတယ်ရှင့်။ ဒီနေ့မှာတော့ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ပတ်သက်ပြီး ပြောပြပေးမှာ ဖြစ်ပါသည်။ ၂၄နာရီအတွင်း ၃ကြိမ်နှင့်အထက် ဝမ်းသွားနေပြီဆိုလျှင် ဝမ်းလျှောနေပြီပဲဖြစ်ပါသည်။

ဝမ်းလျှောခြင်းကို အဖြစ်များစေသည့် အကြောင်းအရင်းများကတော့
-မသန့်ရှင်းသည့်အစားအစာနှင့် ရေကို သောက်သုံးမိခြင်းကြောင့် ဘက်တီးရီးယား/ ကပ်ပါးကောင်များ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်း၊
-ကလေးငယ်များတွင် Rotavirus ကူးစက်ခြင်း၊
-ပိုးသတ်ဆေး၊ ကင်ဆာကုသဆေးနှင့် magnesium ပါဝင်သည့် အစာအိမ်ဆေးများ ရေရှည်သောက်ရခြင်း၊
-နွားနို့တွင်ပါသည့် Lactose ဓာတ်ကို မခြေဖျက်နိုင်ခြင်း၊
-အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါရှိခြင်း တို့ကြောင့် ဖြစ်ပါသည်။

ဘက်တီးရီးယားနှင့် ဗိုင်းရပ်ပိုးကြောင့် ဝမ်းလျှောပါက ချမ်းတုန်ဖျားခြင်းနှင့် ဝမ်းထဲသွေးပါခြင်းတို့ တွေ့ရပါသည်။

ခရီးသွားသည့်အခါ မသန့်ရှင်းသည့် ရေနှင့် အစားအစာများ စားသောက်မိသောကြောင့် ဝမ်းလျှောခြင်း အဖြစ်များသည့်အတွက် ခရီးသွားသည့်အခါ ရေကိုကျိုချက်သောက်ခြင်း သို့မဟုတ် ရေသန့်ပဲသောက်သုံးခြင်း၊ ကျက်အောင်ချက်ထားသည့် အစားအစာများပဲ စားသုံးခြင်း၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ဆေးကြောသန့်စင်ပြီးမှသာ စားသုံးခြင်းတို့ကို လုပ်ဆောင်ပေးရပါမည်။

ဝမ်းသွားတာများသည့်အခါ ခန္ဓာကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားများကို ဆုံးရှုံးစေပြီး အသက်အန္တရယ်ထိခိုက်သည်အထိ ဖြစ်နိုင်ပါသည်။ ကလေးနှင့်
သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများတွင် ပိုပြင်းထန်တတ်ပါသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ကုန်ခမ်းသွားသည့် ရေနှင့် ဓာတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးရပါမည်။

ခန္ဓာကိုယ်ထဲရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုများပါက လက္ခဏာများ အနေဖြင့် မူးမော်ခြင်း၊ နုံးချိခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဆီးသွားနည်းခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ မျက်တွင်းချိုင့်ခြင်း တို့ဖြစ်တတ်၍ ဝမ်းသွားသည့် ပမာဏပေါ်မူတည်ပြီး ဓာတ်ဆားပြန်သောက်ပေးဖို့ လိုအပ်ပါသည်။ ဓာတ်ဆားကို အထုပ်တွင် ဖော်ပြထားသည့် ရေပမာဏအတိုင်း အချိုးအဆမှန်ကန်စွာ ဖျော်စပ်ရမည်ဖြစ်ပြီး ဖျော်ပြီးဓာတ်ဆားရည်ကို ၂၄နာရီအတွင်းပဲ သုံးရပါမည်။

ဝမ်းပိတ်ဆေး loperamide ကိုတော့ ဝမ်းသွားတာရပ်သွားစေရန်အတွက် သောက်နိုင်ပါသည်။ ချက်ချင်း၂လုံးသောက်နိုင်ပြီး ဝမ်းတစ်ခါထပ်သွားတိုင်း တစ်လုံးထပ်သောက်နိုင်ပါသည်။ တစ်နေ့လျှင် loperamide 2mg ၈လုံးထပ်ပိုမသောက်သင့်ပါ။ ဝမ်းထဲသွေးပါလျှင်၊ အဖျားရှိလျှင်၊ ပိုးသတ်ဆေးသောက်ခြင်းကြောင့် ဝမ်းလျှောလျှင်ကတော့ loperamide မသောက်သင့်ပါ။ loperamide ကို၂နှစ်အောက် ကလေးများ မသောက်ရပါ။

ကလေးငယ်များတွင် ဝမ်းလျှောလျှင်၊ ပိုးသတ်ဆေးသောက်ရသူများတွင် ဝမ်းလျှောလျှင် probiotics သောက်နိုင်ပါသည်။ Probiotics ကို ပိုးသတ်ဆေးနှင့် အနည်းဆုံး ၂နာရီခြားပြီးမှ သောက်ပေးရမည်ဖြစ်ပြီး ပူလွန်း၊ အေးလွန်းသည့်ရေဖြင့်လည်း တွဲမသောက်ရပါ။

လူကြီးများတွင် ၂ရက်ထက်ပို၍ ဝမ်းဆက်သွားနေသေးလျှင်၊ ကလေးများတွင် ၁ရက်ထက်ပို၍ ဝမ်းဆက်သွားနေသေးလျှင်၊ အဖျား102 ံF ကျော်နေလျှင်၊ ဝမ်းထဲသွေးပါလျှင်၊ ဝမ်းကကတ္တရာစေးလို မဲနေလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသရမည် ဖြစ်ပါသည်။

လိုအပ်သောဆေးများရှိပါက www.jivakapharmacy.com မှတစ်ဆင့် မှာယူနိုင်သလို Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ ကိုဆက်သွယ်၍လည်း မှာယူနိုင်ပါသည်။
နီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။

ဆိုင်လိပ်စာများကတော့
-ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
-ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
-ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
-ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

ယခုဆောင်းပါးပါ အချက်အလက်များသည် ဇီဝကဆေးဆိုင်မှ ဆေးဝါးပညာရှင်များ၏ ပြုစုရေးသားချက် ဖြစ်ပါသည်။

Leave a Comment