စိတ်ချမ်းသာမှ ဟော်မုန်းညီမျှ
မိမိကိုယ်ကို အစဉ်အမြဲ ပျော်ရွှင် ကျန်းမာစေဖို့ လျှို့ဝှက်ချက်
နေ့စဉ်ဘဝရဲ့ ရှုပ်ထွေးပွေလီမှုတွေ၊ အလုပ်ခွင်ဖိအားတွေနဲ့ လူမှုရေး တာဝန်တွေကြားမှာ စိတ်ဓာတ်ကျတာ၊ ဒေါသထွက်လွယ်တာ၊ ဘာမဟုတ်တာလေးနဲ့ ပင်ပန်းနွမ်းနယ်နေတာမျိုးကို ကြုံဖူးပါသလား။
အများစုက ဒါကို “စိတ်ပင်ပန်းတာပါ” လို့ပဲ လွယ်လွယ်တွေးလိုက်ကြပေမယ့် တကယ်တော့ ဒါဟာ စိတ်တစ်ခုတည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေ မျှခြေပျက်ယွင်းသွားတာ ဖြစ်နိုင်ပါတယ်။
ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေနဲ့အတူ စိတ်ချမ်းသာပြီး ဟော်မုန်းညီမျှတဲ့ ဘဝကို ဘယ်လို တည်ဆောက်ရမလဲဆိုတာကို ဇီဝကမှ မျှဝေပေးချင်ပါတယ်။
၁။ စိတ်ဖိစီးမှုနဲ့ ဟော်မုန်း ပျက်ယွင်းမှုတို့ရဲ့ ဆက်စပ်ပုံ
စိတ်ဖိစီးမှုများလာတဲ့အခါ ခန္ဓာကိုယ်က Cortisol ဟော်မုန်းကို အလွန်အမင်း ထုတ်လုပ်ပေးပါတယ်။ Cortisol အဆမတန် မြင့်တက်လာတဲ့အခါ
- အိပ်စက်မှုစနစ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။
- ပျော်ရွှင်မှုနှင့် စိတ်ခံစားမှုကို ထိန်းညှိရာတွင် ပါဝင်သော Serotonin နှင့် Dopamine ဓာတုပစ္စည်းတွေ လျော့နည်းသွားပြီး စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း ဖြစ်လာပါတယ်။
- အမျိုးသမီးများတွင် ရာသီစက်ဝန်း မမှန်ခြင်း၊ အချို့သူများတွင် ဝက်ခြံတွေ ပိုဆိုးလာစေခြင်း၊ အဆီပြန်ခြင်းတို့ကို ကြုံတွေ့ရစေပါတယ်။
၂။ ပျော်ရွှင်မှုဟော်မုန်းများကို သဘာဝအတိုင်း တိုးပွားစေနည်း
ခန္ဓာကိုယ်တွင်း ပျော်ရွှင်မှုနဲ့ စိတ်တည်ငြိမ်မှုကိုပေးတဲ့ ဟော်မုန်း (၄) မျိုးကို သဘာဝအတိုင်း မြှင့်တင်နိုင်မည့် နည်းလမ်းများ
Dopamine (အောင်မြင်မှုနှင့် ကျေနပ်မှု ဟော်မုန်း)
သေးငယ်သော ပန်းတိုင်များကို အကောင်အထည်ဖော်ပါ။
ကြက်ဥ၊ ငါး၊ အခွံမာသီးတွေက Dopamine ထုတ်လုပ်ရာတွင် လိုအပ်သော အာဟာရဓာတ်များကို ပံ့ပိုးပေးနိုင်ပါတယ်။
Serotonin (စိတ်တည်ငြိမ်မှု ဟော်မုန်း)
နံနက်ခင်း နေရောင်ခြည်ကို (၁၅) မိနစ်ခန့် ထိတွေ့ပေးပါ။
လေ့ကျင့်ခန်း လုပ်ပေးပါ။
Oxytocin (ချစ်ခြင်းနှင့် ယုံကြည်မှု ဟော်မုန်း)
မိသားစု၊ မိတ်ဆွေများနှင့် အချိန်ပေးစကားပြောပါ။
အိမ်မွေးတိရစ္ဆာန်များနှင့် ကစားပေးပါ။
Endorphins (နာကျင်မှု သက်သာစေသော ဟော်မုန်း)
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ဟာသဗီဒီယိုများ ကြည့်ပြီး စိတ်လွတ်လပ်စွာ ရယ်မောပါ။
၃။ နေ့စဉ်လူနေမှုဘဝတွင် လိုက်နာသင့်သော အကြံပြုချက်များ
- တစ်ညလျှင် (၇) နာရီမှ (၈) နာရီအထိ အိပ်စက်ပေးခြင်းက Cortisol ဟော်မုန်းကို ပုံမှန်အဆင့်သို့ ပြန်ရောက်စေလို့ အိပ်ချိန်ပြည့်ဝအောင် ဦးစားပေးပါ။
- ကော်ဖီ၊ လက်ဖက်ရည် အလွန်အမင်း သောက်သုံးခြင်းက အချို့သူများတွင် စိုးရိမ်စိတ် ပိုမိုဖြစ်ပေါ်စေနိုင်ပြီး Cortisol တုံ့ပြန်မှုကိုလည်း ပိုမြင့်တက်စေလို့ ကဖင်းဓာတ်ကို ထိန်းချုပ်ပါ။
- Vitamin D, Magnesium, Omega-3 စသည့် ဖြည့်စွက်စာများသည် စိတ်ခံစားမှုနှင့် ဟော်မုန်း စနစ်ကို ထိန်းညှိပေးရာတွင် အထောက်အကူပြုလို့ ဆရာဝန် သို့မဟုတ် Pharmacist နှင့် တိုင်ပင်ပြီး လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓာတ်များကို ဖြည့်စွက်ပါ။
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသလိုပဲ မိမိ၏ ကိုယ်နှင့် စိတ် ကျန်းမာရေးအတွက် နေ့စဉ် သေးငယ်သော ပြောင်းလဲမှုလေးများကို ယနေ့မှစ၍ ပြုလုပ်ကြည့်ပါလို့ အကြံပြုအပ်ပါတယ်။