ပိုးသတ်ဆေးနှင့် သင်မသိသေးသော ဘေးထွက်အန္တရာယ်များ
🍀 World Pharmacists Day ကို ဂုဏ်ပြုသောအားဖြင့် — “ပိုးသတ်ဆေးနှင့် သင်မသိသေးသော ဘေးထွက်အန္တရာယ်များ” အကြောင်းကို မျှဝေပါရစေရှင်။ 🍀
ကမ္ဘာမှာရော မြန်မာမှာပါ ပိုးသတ်ဆေးယဉ်ပါးမှုအန္တရာယ် (Antimicrobial Resistance – AMR) ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ခြိမ်းခြောက်လျက်ရှိတာကြောင့် Antibiotic ( ပဋိဇီဝဆေး ) ( ပိုးသတ်ဆေး ) များကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ လုံးဝမရောင်းရဟု ညွှန်ကြားချက်ရောက်လာတော့
လွန်ခဲ့တဲ့ 2021-2022 ကာလတုန်းက ဆေးကုမ္ပဏီတစ်ခုရဲ့ ချိတ်ဆက်ပံ့ပိုးမှုနဲ့ CPP (Commonwealth Pharmacists Association) က ဖွင့်လှစ်တဲ့ “Antimicrobial Stewardship in Community Pharmacy” online training program ကို တက်ရောက်ခဲ့တာ ပြန်သတိရသွားမိပါတယ်။ ခေါင်းစဉ်ကြီး (၄) ခုကို စနစ်တကျ သင်ယူပြီး စာမေးပွဲဖြေဆိုအောင်မြင်မှ Certificate ထုတ်ပေးခဲ့တာပါ။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ Healthcare Providers အသီးသီးက ပိုးသတ်ဆေးယဉ်ပါးမှုအန္တရာယ်ကို တွန်းလှန်နိုင်ဖို့ Program တွေ စနစ်တကျ ရေးဆွဲပြီး ကျရာကဏ္ဍကနေ အပီအပြင် ဆောင်ရွက်ကြပါတယ်။
ဒါကြောင့် standard နိုင်ငံတွေမှာဆိုရင် Antibiotics ပိုးသတ်ဆေးတွေကို ဆရာဝန်ဆေးညွှန်းမပါဘဲ လုံးဝ မရောင်းရဘူးဆိုတဲ့ စည်းကမ်းချက်တွေအတိုင်း စနစ်တကျ ကျင့်သုံးနေကြပါပြီ။
ကျွန်မတို့ဆီမှာတော့ ဆေးဆိုင်မှာ —
> *”ပိုးသတ်ဆေးက ဆရာဝန်ဆေးညွှန်းနဲ့မှ ရောင်းလို့ရမှာပါရှင်၊ ဆေးညွှန်းပြန်ရေးခိုင်းပေးပါရှင်”* လို့ ပြောလိုက်ရင်…
> *”ရောင်းပေးတဲ့ ဆိုင်ကိုပဲ သွားဝယ်မယ်”* ဆိုပြီး တကယ်လည်း ဝယ်သွားတတ်ကြဆဲပါ။
မသိလို့ မကြောက်ကြတာတွေလည်း ရှိတတ်တာကြောင့် Antibiotics တွေကို အဆင်အခြင်မဲ့စွာ သောက်သုံးရင် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ် (၆) ချက် ကို အသိပညာပေး ဝေမျှချင်ပါတယ်ရှင်။
### ❌ ၁။ Antibiotics နှင့် အရက် (Disulfiram-like Reaction)
ဆေးတော်တော်များများကို အရက်နဲ့ တွဲမသောက်ရဘူးဆိုတာ လူတိုင်းနီးပါး သိကြပေမယ့် လူအများစု သိထားပြီး လုပ်နေကြတာကတော့ “အတူတွဲမသောက်ဘဲ နာရီခြားပြီး သောက်ရင် ရပါတယ်” ဆိုတဲ့ အမှားဖြစ်ပါတယ်။
* Metronidazole နှင့် Tinidazole ပိုးသတ်ဆေးတို့က အရက်နဲ့ အတူတွဲမသောက်ရရုံတင် မဟုတ်ပါဘူး။
* ဆေးသောက်ပြီးနောက် Metronidazole ဆိုလျှင် (၄၈) နာရီ**၊ Tinidazole ဆိုလျှင် (၇၂) နာရီ အထိ အရက် လုံးဝ မသောက်ရပါ။
* တွဲသောက်မိပါက Disulfiram-like Reaction ဖြစ်ပေါ်ပြီး အသက်ရှူကျပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရေပြား နီရဲယားယံခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ ပျို့အန်ခြင်း စသည့် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။
‼️ သတိပြုရန် – Metronidazole ကို ဆေးပတ်လည်အောင် သောက်ပြီး (၄၈) နာရီအထိ၊ Tinidazole ကို သောက်ပြီး (၇၂) နာရီအထိ အရက် လုံးဝ ရှောင်ကြဉ်ပါ။
### ❌ ၂။ Antibiotics နှင့် တားဆေး
Antibiotics တိုင်းက တားဆေးအပေါ် သက်ရောက်မှု ရှိနေတာမဟုတ်ပါ။ သို့သော် တီဘီရောဂါသုံး ဆေးတစ်မျိုးဖြစ်သည့် Rifampicin (သို့မဟုတ် **Rifabutin) သောက်နေရသူများ တားဆေးသောက်ပါက တားဆေး၏ အာနိသင်ကို ကျဆင်းစေပြီး မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိသွားနိုင်ပါတယ်။
‼️ သတိပြုရန် – Rifampicin သောက်နေရသူများအနေဖြင့် သန္ဓေတားဆေးတစ်မျိုးတည်းကို အားမကိုးဘဲ ကွန်ဒုံးကဲ့သို့သော အတားအဆီးနည်းလမ်း (Barrier method) ကို ပူးတွဲအသုံးပြုသင့်ပါတယ်။
❌ ၃။ Antibiotics နှင့် ဝမ်းလျှောခြင်း (C. difficile Infection)
Antibiotics တွေက ခန္ဓာကိုယ်ကို ဒုက္ခပေးနေတဲ့ ပိုးမွှားတွေကိုတင်မကဘဲ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြု ပိုးမွှားကောင်းတွေကိုပါ ဖျက်ဆီးပစ်တတ်ပါတယ်။
- ဒီအချိန်မှာ အခွင့်ကောင်းယူပြီး Clostridioides difficile (C. difficile) ဆိုတဲ့ ဘက်တီးရီးယား ဝင်ရောက်လာကာ အူလမ်းကြောင်းတစ်လျှောက်ကို ထိခိုက်ပျက်စီးစေပြီး ပြင်းထန်စွာ ဝမ်းလျှောခြင်းကို ဖြစ်ပေါ်စေပါတယ်။
- ဝမ်းလျှောရုံသာမက ပျို့အန်ခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်းတို့ပါ ဖြစ်ပေါ်နိုင်ပြီး အချို့မှာ ဆေးရုံတက်ကုသရခြင်း၊ စိုးရိမ်ရပါက Colon ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားရသည်အထိ ဖြစ်နိုင်ပါတယ်။
- Clindamycin, Cephalosporins, Penicillins နှင့် Fluoroquinolones တို့ကြောင့် ပိုမိုအဖြစ်များသည်။ (Proton Pump Inhibitors – PPIs အစာအိမ်ဆေးများကလည်း C. difficile ပိုးဝင်နိုင်ခြေကို တိုးစေပါသည်)။
‼️ သတိပြုရန် – ပိုးသတ်ဆေးဆိုတာ သူများပြောတိုင်း သောက်သင့်တဲ့အရာ မဟုတ်ပါ။ ### ❌ ၄။ Antibiotics နှင့် အရွတ်ရောင်/အရွတ်ပေါက်ခြင်း (Tendonitis & Tendon Rupture)
Fluoroquinolones အုပ်စုဝင် Ciprofloxacin နှင့် Levofloxacin ပိုးသတ်ဆေးများကို အသက် (၆၀) ကျော်အရွယ် သက်ကြီးရွယ်အိုများ သောက်သုံးပါက အရွတ်ရောင်ခြင်း၊ အရွတ်ပေါက်ခြင်း (Tendon Rupture) တို့ ဖြစ်ပွားနိုင်ကြောင်း FDA က သတိပေးထားပါတယ်။ အထူးသဖြင့် Steroid ဆေးများ သောက်နေရသူများတွင် ပိုမိုအန္တရာယ်ကြီးမားပါတယ်။
‼️ သတိပြုရန် – “ဆီးအောင့်လို့ Cifran လေး သောက်လိုက်” ဆိုပြီး မိမိသဘောဖြင့် လက်ဆင့်ကမ်း ဆေးပေးတာမျိုး လုံးဝ (လုံးဝ) မလုပ်သင့်ပါ။
❌ ၅။ Antibiotics နှင့် TEN (Toxic Epidermal Necrolysis)
Co-trimoxazole ပိုးသတ်ဆေးသည် TEN (Toxic Epidermal Necrolysis) သို့မဟုတ် SJS (Stevens-Johnson Syndrome) ဟုခေါ်သော အရေပြား ကွာကျ ဆိုးရွားစွာ ပျက်စီးသည့် အသက်အန္တရာယ်ရှိသော ဓာတ်မတည့်မှု အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ဒီဆေးနဲ့ ဓာတ်မတည့်ဖူးပါက ဘဝတစ်သက်တာလုံး လုံးဝ မသောက်သင့်တော့ပါ။
‼️ သတိပြုရန် – ပိုးသတ်ဆေးဆိုတာ တစ်ယောက်နဲ့ အဆင်ပြေပေမယ့် အခြားတစ်ယောက်မှာ ပြင်းထန် ဆိုးရွားစွာ ဓာတ်မတည့်တာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်မညွှန်ဘဲ လက်ဆင့်ကမ်း သောက်သုံးခြင်း လုံးဝ မပြုလုပ်ပါနှင့်။
❌ ၆။ Antibiotics နှင့် အစာရေမျိုပြွန်အနာ (Pill-Induced Esophagitis)
“ဝက်ခြံထွက်နေတာလား၊ ငါ့တုန်းက ဒီဆေးနဲ့ ပျောက်တာ” ဆိုပြီး လူငယ်တွေကြားမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ Doxycycline သို့မဟုတ် Clindamycin ကို လက်ဆင့်ကမ်း အသုံးပြုတတ်ကြပါတယ်။
- ဒီဆေးတွေက အစာရေမျိုပြွန် (Esophagus) မှာ ကပ်ကျန်ရစ်ပါက ပြင်းထန်သော အစာရေမျိုပြွန်အနာကို ဖြစ်စေပြီး သောက်ပြီး နာရီပိုင်းအတွင်း ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာမျိုရခက်ခြင်းတို့ ဖြစ်စေပါတယ်။
‼️ သတိပြုရန် – Doxycycline ကဲ့သို့ ဆေးများ သောက်သည့်အခါ ဆေးတောင့် အစာရေမျိုပြွန်မှာ ကပ်မကျန်ရစ်စေရန် ရေတစ်ခွက်အပြည့် (240 mL) ဖြင့် သောက်ပေးရမည်ဖြစ်ပြီး ဆေးသောက်ပြီးနောက် မိနစ် (၃၀) မှ (၁) နာရီအထိ လဲလျောင်းခြင်းမပြုဘဲ မတ်မတ်ထိုင်နေခြင်း (သို့မဟုတ်) မတ်တတ်ရပ်နေခြင်း ပြုလုပ်ပေးရပါမည်။
ဒီလောက်ဆိုရင်တော့ Antibiotics ပိုးသတ်ဆေးတွေကို အဆင်အခြင်မဲ့ သောက်သုံးဖို့ တော်တော်လေး စိစစ်သွားကြမယ်လို့ ထင်ပါတယ် 😁
ကျန်းမာရေးနှင့် ပတ်သက်သည့် မှန်ကန်သော ဆေးဝါးသုံးစွဲမှု အသိပညာများ တိုးပွားကြပါစေ။ အားလုံး သက်ရှည်ကျန်းမာ၍ စိတ်ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏
မေတ္တာဖြင့်
Hline Mon Mon Htun
Pharmacist
References:
- BNF & NHS Medicines Guidance: Metronidazole/Tinidazole & Alcohol interaction (Disulfiram-like reaction).
- CDC & FSRH Guidelines: Rifampicin & Oral Contraceptive Interaction.
- CDC: Antibiotic-Associated Diarrhea & C. difficile infection.
- US FDA Black Box Warning: Fluoroquinolones & Tendonitis/Tendon Rupture.
- FDA & PubMed Literature: Co-trimoxazole & SCARs (TEN/SJS).
- Medsafe & Clinical Gastroenterology Guidelines: Doxycycline & Pill-Induced Esophagitis.