ဆံပင်ကျွတ် သက်သာချင်ပါသလား

🤦‍♀️ခေါင်းဖြီးတဲ့အခါ ဆံပင်တွေကျွတ်တာ၊ ခေါင်းလျှော်တဲ့အခါ ဆံပင်တွေ အထွေးလိုက်ကျွတ်တာ ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ မိတ်ဆွေ၊ သူငယ်ချင်း တော်တော်များများနဲ့ စကားစပ်မိလို့ မေးကြည့်လိုက်ရင် ဆံပင်တွေကျွတ်လိုက်တာ ဆိုတဲ့သူကြီးပါပဲ။

✍️ဦးရေပြားမှာ ပျမ်းမျှအားဖြင့် ဆံပင်အချောင်းရေ (၁) သိန်း ရှိပါတယ်။ တစ်ရက်ကို ဆံပင်အချောင်း (၁၀၀) ကျွတ်တာလောက်က ပုံမှန် ဖြစ်ပါတယ်။ ကျွတ်သွားတဲ့ နေရာမှာ ဆံပင်ပြန်ထွက်နှုန်းကတော့ တစ်ရက်မှာ 0.4mm ပြန်ထွက်တာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ပုံမှန်ထက်မက ဆံပင်ကျွတ်နေတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပါရှင်။

✅စိတ်ဖိစီးမှုတွေကို လျှော့ချပါ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုက ဆံပင်ပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ သူငယ်ချင်းတွေနဲ့ ဒိတ်တာမျိုး ကိုယ်သဘောကျတဲ့ အရာလေးတွေကို လုပ်ခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ တက်တက်ကြွကြွနေခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။။

✅စားသောက်မှုပုံစံ ပြောင်းလဲပါ
သံဓာတ်ချို့တဲ့သောအခါ ဆံပင်ကျွတ်တာကြောင့် သံဓာတ်ပါဝင်တဲ့ အသီးခြောက်၊ ကြက်ဥ၊ အနီရောင် ရှိသောအသား၊ အသည်းတို့ကို စားပေးသင့်ပါတယ်။ ဗီတာမင်စီကလည်း သံဓာတ်စုပ်ယူမှုကို အားကောင်းစေတာကြောင့် အချဉ်ဓာတ်ရှိတဲ့ အသီးများ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီးတို့ကိုလည်း တွဲဖက် စားသုံးသင့်ပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အသား၊ ပဲ၊ ငါး၊ တို့ဖူးတို့လည်း စားရပါမယ်။ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေမှလည်း ပရိုတင်းဓာတ် ရနိုင်ပါတယ်။

✅ဖြည့်စွက်စာသောက်ပါ
ဆံပင်တွေ ပြန်ပေါက်ဖို့အတွက် Biotin, Folic acid တို့ သောက်လို့ ရပါတယ်ရှင်။ Minoxidil ပါတဲ့ ဆံပင်ပေါက် ဖျန်ဆေးကလည်း ဆံသားမွှေးညှင်းပေါက်တွေဆီသို့ အောက်စီဂျင်နဲ့ အာဟာရတွေကို ကောင်းစွာ ပို့ဆောင်ပေးတာကြောင့် ဆံပင်ပြန်ပေါက်စေပါတယ်။ ဆေးဘူးမှာပါတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသုံးစွဲပေးဖို့တော့ လိုအပ်ပါတယ်။

✅ဆံသားများကို ညင်သာစွာ ကိုင်တွယ်ပါ
လိုအပ်မှသာ ခေါင်းဖြီးသင့်ပြီး ဖြီးတဲ့အခါမှာလည်း ညင်ညင်သာသာဖြီးရမှာ ဖြစ်ပါတယ်။ ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းခြင်းမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ ဆံပင်ကျွတ်တာ သက်သာစေဖို့ သီးသန့်ထုတ်ထားတဲ့ shampoo ကို ရွေးသုံးသင့်ပြီး conditioner သုံးပေးဖို့လည်း လိုအပ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ခြောက်အောင် အပူပေးပြီး လေမှုတ်တာထက် သဘာဝအတိုင်း အခြောက်ခံတာက ဆံပင်ကျွတ်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်။ အပူချောင်းသုံးပြီး အလွန်အကျွံ ဆံပင်ပုံသွင်းခြင်းကိုလည်း ရှောင်ရပါမယ်။ မကြာခဏ ဆံပင်ဆေးဆိုးခြင်းက ဆံသားတွေကို ပျက်စီးစေပြီး ဆံပင်ပိုကျွတ်စေပါတယ်။ ဆံပင်ကို အရောင်ချွတ်ခြင်းကလည်း နေရောင်ခြည်ကို ခံနိုင်ရည်နည်းစေပြီး ဆံသားများ ခြောက်ခြင်း၊ ကျိုးကြေခြင်းတို့ ဖြစ်စေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ အဝိုင်းကြီးကြီးပါတဲ့ ဦးထုပ်မျိုးကို ဆောင်းရပါမယ်။ ဆံပင် အရောင်ချွတ်ခြင်း၊ ဆိုးခြင်းတွေကို ထိန်းပြီးလုပ်ရပါမယ်။

✅ဗောက်ရှိရင် ပျောက်အောင် လုပ်ပါ။
ဗောက်တွေက ဦးရေပြားကို ထိခိုက်စေပါတယ်။ ဗောက်က ဆံပင်ကို တိုက်ရိုက်မကျွတ်စေပေမယ့် ဦးရေပြားကို ယားယံစေပြီး ကုတ်မိရာကနေ ဆံပင်ပိုကျွတ်စေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗောက်ထနေရင် ဗောက်ပျောက် shampoo သုံးသင့်ပါတယ်။

☝️အထက်ပါ နည်းလမ်းများကို လိုက်နာလုပ်ဆောင်ကြည့်ပါက ဇီဝကချစ်သူများ ဆံပင်ကျွတ်သက်သာပြီး သန်စွမ်းလှပတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်ရှင့်။

Leave a Comment