ကလေးငယ်များ အာဟာရဓာတ် ပြည့်ဝစွာ ရရှိဖို့
ကောင်းမွန်သော အာဟာရသည် ကလေးငယ်များ ရှင်သန်ကြီးထွားမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ အာဟာရဓာတ် ပြည့်ဝစွာ ရရှိသော ကလေးများသည် သူ၏ ပတ်ဝန်းကျင်တွင် တခြားကလေးများထက် ပိုပြီး လေ့လာသင်ယူနိုင်စွမ်း မြင့်မားတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် နေမကောင်း ဖျားနာခြင်းများကိုလည်း ပိုမို ခံနိင်ရည် ရှိကြပါတယ်။
အသက် (၅) နှစ်အောက် ကလေး (၃) ယောက်မှာ (၁) ယောက်က အာဟာရဓာတ် ပြည့်ပြည့်၀၀ မရရှိတာကို လေ့လာတွေ့ရှိမှုများအရ သိရပါတယ်။ အာဟာရဓာတ် ပြည့်ဝစွာ ရရှိဖို့ အရေးအကြီးဆုံးအချိန်မှာ ကိုယ်ဝန်ဆောင်ချိန်မှ အသက် (၂) နှစ်ပြည့်သည်အထိ ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ပြီး မိခင်နို့သည် အာဟာရဓာတ်စုံလင်စွာ ပေးစွမ်းနိုင်တဲ့ အရင်းအမြစ် ဖြစ်ပါတယ်။
ကလေးငယ်များ ၏ ခန္ဓာကိုယ်သည် ကြီးထွားဖွံ့ဖြိုးဆဲဖြစ်၍ မှန်ကန်သော အာဟာရဓာတ်များ ရရှိဖို့ လိုအပ်တာကြောင့် မိဘတို့ အနေဖြင့် ဘယ်အာဟာရတွေက အရေးကြီးတယ်ဆိုတာကိုလည်း သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ ပြည့်စုံမျှတသော အာဟာရ ရရှိဖို့အတွက် အဓိကကျတဲ့ အစာအုပ်စု (၅) စုကို သိရပါမယ်။ ဒါတွေကတော့
- အစေ့အဆံ
- နို့ထွက်ပစ္စည်း
- အသားဓာတ်
- ဟင်းသီးဟင်းရွက်နဲ့
- အသီးအနှံတို့ ဖြစ်ပါတယ်။
ဒီ (၅) မျိုးကို ညီညွတ်မျှတစွာ ကျွေးမွေးခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိကာ ကိုယ်ခံစွမ်းအားကောင်းဖို့လည်း အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
ငယ်ရွယ်စဉ် ကလေးဘ၀ အရေးကြီးတဲ့ ကာလမှာ အာဟာရဓာတ် ချို့တဲ့ပါက အရပ်မထွက်ခြင်း၊ ခုခံအား ကျဆင်းခြင်း၊ မှတ်ဉာဏ်ဖွံ့ဖြိုးမှု အားနည်းခြင်းလို ရေရှည်ခံစားရမယ့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ကလေးများအား အသက်အရွယ်အလိုက် ၎င်းတို့၏ တစ်ဦးချင်းစီ လိုအပ်ချက်နှင့် ကိုက်ညီသော အာဟာရကြွယ်ဝသည့် အစားအစာများ ကျွေးမွေးရန် အရေးကြီးပါတယ်။ ကလေးများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု အလေ့အထရှိအောင်လည်း လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
မိဘများ၏ ကလေးများအတွက် သင့်လျှော်မှန်ကန်သည့် အစားအစာ ရွေးချယ်နိုင်မှုက ကလေး၏ ကျန်သက်တမ်း တစ်လျှောက်လုံးပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အသက် (၁) နှစ်နှင့် (၃) နှစ်ကြား ကလေးများကို အစာအုပ်စု စုံလင်စွာ စားတတ်အောင် ကျွေးမွေးဖို့က စိန်ခေါ်မှု တစ်ခုလို ဖြစ်ပါတယ်။ ပထမအကြိမ် ကလေးက စားဖို့ ငြင်းဆန်လာလျှင် ဇွတ်ကျွေးတာမျိုးတော့ မလုပ်သင့်ဘဲ နောက်တစ်ခေါက်မှ ထပ်ကြိုးစား ကြည့်သင့်ပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကို ရွေးချယ်ပေးမှု၊ ပုံမှန်စားဖြစ်အောင် လေ့ကျင့်ပေးမှု၊ အာဟာရပိုင်းဆိုင်ရာ အသိပညာပေးမှု၊ အစားအစာ ကျွေးမွေးချိန်မှာ နွေးထွေးကြင်နာမှု ရှိခြင်းတို့က ကလေးအတွက် အလွန်အကျိုးရှိပါတယ်။
ကလေးငယ်များ ၏ ဗီဇအရ စူးစမ်းလိုစိတ် များတတ်တာကြောင့် အစားအစာ ရွေးချယ် ဝယ်ယူချိန်၊ အစားအစာကို ပြင်ဆင်ချိန်တို့တွင် ဘယ်အစားအစာကို စားရင် ဘာအကျိုးကျေးဇူးတွေရတယ် ဥပမာ – နွားနို့သောက်ရင် အရပ်ရှည်မယ်၊ မုန်လာဥနီစားရင် မျက်စိအားကောင်းမယ် စတာမျိုးကို ရှင်းပြပေးရင်း ပါဝင်စေခြင်းဖြင့် ကျန်းမာစေသော အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုကလည်း သင့်လျော်သော အာဟာရကဲ့သို့ အရေးကြီးပါတယ်။ အနည်းဆုံး ကလေးများ အနေနဲ့ တစ်နေ့ တစ်နာရီလောက်ကတော့ လှုပ်လှုပ်ရှားရှားရှိဖို့ လိုပါတယ်။ ဒါကြောင့် ဖုန်းကြည့်ခြင်း၊ တီဗီကြည့်ခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်းတွေကို အချိန်ကန့်သတ်ပေးဖို့ လိုပါတယ်။
အပြုသဘောဆောင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်မှုပုံစံကို မိဘများက ဦးဆောင်ဦးရွက်ပြုပြီး ကလေး၏ ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် နေထိုင်ခြင်းဖြင့် တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ဖွယ် နေ့ရက်များကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။