၀မ်းအိတ်ကို အဆင်ပြေလွယ်ကူစွာ ဘယ်လိုတပ်ဆင်ရမလဲ

🩻 အူမကြီးကင်ဆာ၊ အူနံရံများရောင်ရမ်းသည့် ရောဂါ (Crohn’s Disease)၊ အူနံရံတွင် အိတ်တည်သည့် ရောဂါ၊ စအိုကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ (သို့) သားအိမ်ကင်ဆာ ဖြစ်နေသူများ၊ ဝမ်းမထိန်းနိုင်သူများ၊ ပြင်ပမှ မတော်တဆမှု တစ်ခုခုကြောင့် အူမကြီး ထိသွားသူများမှာ ပြဿနာဖြစ်နေတဲ့ အူမကြီးရဲ့ အစိတ်အပိုင်းအား ဖြတ်ထုတ်ပစ်လိုက်ရတဲ့ ခွဲစိတ်မှုကို Colostomy (အူအပေါက်ဖောက် ကုသခြင်း) လို့ခေါ်ပါတယ်။ ဒီကုသမှုက ဗိုက်တွင် Stoma ဟုခေါ်သော အပေါက်ကိုဖောက်ပြီး ဖြတ်ထားသောအူမကြီးရဲ့ အစွန်းတစ်ဖက်ကို ထိုအပေါက်သို့ လမ်းကြောင်းပြောင်းပေးလိုက်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။

✔️ Colostomy လုပ်ထားသူများက ပုံမှန်အတိုင်းဝမ်းမသွားနိုင်တောတဲ့အတွက် ခန္ဓာကိုယ်မှ ကျင်ကြီးစွန့်ပစ်မှုအတွက် ဝမ်းအိတ်ကိုအသုံးပြုကြရပါတယ်။ ဝမ်းအိတ်အသစ် အလွယ်တကူအဆင်ပြေစွာ တပ်ဆင်နိုင်စေရန် အောက်ဖော်ပြပါ အချက်များအလိုက် လုပ်ဆောင်သင့်ပါတယ်။

🔹 ဝမ်းအိတ်၊ ကလစ်၊ ကပ်ကြေး၊ သန့်ရှင်းသည့် တစ်သျှူး၊ ရေနွေး၊ ဂွမ်းတို့ကို အဆင်သင့် ပြင်ထားပေးပါ။

🔹 လက်နှစ်ဖက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပြီး သန့်ရှင်းသောအဝတ်ဖြင့် ခြောက်အောင် သုတ်ပါ။

🔹 Stoma ဘေးပတ်လည်က အရေပြားကို ရေနွေးစွတ်ထားသည့် ဂွမ်းဖြင့်သန့်စင်ပေးပြီး တစ်သျှူးအသန့်ဖြင့် ခြောက်အောင်သုတ်ပါ။

🔹 ဝမ်းအိတ်ဘူးထဲတွင်ပါသော ဆိုဒ်တိုင်းသည့် ကတ်ပြားကို သုံးပြီး မိမိရဲ့ Stoma ဆိုဒ်ကို တိုင်းပါ။ (Stoma ဆိုဒ်မှာ တဖြည်းဖြည်းပြောင်းလဲနိုင်၍ ဝမ်းအိတ်လဲမည့်အချိန်တိုင်း တိုင်းပေးဖို့ လိုပါတယ်)

🔹 ဆိုဒ်တိုင်းတာပြီးလျှင် ထိုဆိုဒ်အတိုင်း ဝမ်းအိတ်အပေါက်ကို ညှပ်ပါ။

🔹 ထို့နောက် ကပ်ခွာကို ခွာပြီး ဝမ်းအိတ်ကို Stoma ပေါ်တွင် ကပ်ပါ။

🔹 နောက်ဆုံးအနေဖြင့် အိတ်၏အောက်ခြေကို ခေါက်ပြီး ကလစ်ဖြင့် အပေါက်ကို ပိတ်ပေးရပါမယ်။

☑️ ဝမ်းအိတ်ကို အသုံးပြုပြီးချိန် အိတ်ထဲတွင် ဝမ်းများ ၃ ပုံ ၁ ပုံ (၁/၃ပုံ)လောက် ပြည့်လာလျှင် သွန်ပေးပါ။ ၃ရက်ခြားတစ်ခါ (သို့) ၄ရက်ခြားတစ်ခါ အိတ်အသစ်လဲပေးရမှာ ဖြစ်ပါတယ်။ အိတ်အသစ်လဲလျှင် ဝမ်းအိတ်ကို ဗိုက်မှ ဖြည်းညှင်းစွာခွာပြီး အိတ်အဟောင်းကို အိတ်တစ်ခုထဲ အရင်ထည့်ပြီးမှ အမှိုက်တောင်းထဲသို့ စွန့်ပစ်ရပါမယ်။

✖️ ဝမ်းအိတ်တပ်ထားသူများအနေဖြင့် လေပွစာများ၊ ဝမ်းချုပ်စေသော ဝမ်းလျှောစေသော အစားအစာများကို ရှောင်ကြဉ်ရမှာပါ။ အစာစားသည့်အခါမှာလည်း အစာကိုဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရပါမယ်။ တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ မကြာခဏ စားပေးပြီး တစ်နေ့လျှင် အနည်းဆုံး ရေဖန်ခွက် (၈)ခွက်ပြည့်အောင် သောက်ပေးရပါမယ်။

🧑🏻‍⚕️ Stoma အနံ့ထွက်နေခြင်း၊ ပြည်ထွက်ခြင်း၊ သွေးအထွက်များခြင်း၊ အရောင်ပြောင်းခြင်း၊ ရှည်ထွက်လာခြင်း၊ ဝမ်းထဲ သွေးပါခြင်း၊ Stoma ဘေးပတ်လည် အရေပြားရောင်ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ ပျို့အန်ခြင်း၊ ပုံမှန်ထက် ဝမ်းပျော့ခြင်း၊ ဝမ်းဗိုက်အလွန်နာကျင်ခြင်း၊ (၄)နာရီအတွင်း လေ၊ ဝမ်း သွားထားမှု မရှိခြင်းတို့ စတဲ့ လက္ခဏာများကြုံတွေလာတဲ့အခါ ဆရာဝန်နှင့်ချက်ချင်းပြကြည့်ဖို့ လိုအပ်ပါတယ်။

👐🏻 ဝမ်းအိတ်တပ်ပြီး နေထိုင်ရတဲ့ နေ့စဉ်ဘဝဆိုတာဟာ စိန်ခေါ်မှုတစ်ခုလို ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျင့်သားရလာမှာပါ။ ဝမ်းအိတ်တပ်ဆင်ထားခြင်းက နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိခိုက်မှု မရှိတဲ့အတွက် စိတ်ဓာတ်ကျစရာမလိုဘဲ သာမန်လူများကဲ့သို့ နေထိုင်ဖို့ကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်….💜

Leave a Comment