🫀 အသည်း ကင်ဆာ မဖြစ်စေဖို့ ဘီပိုး မကူးအောင် ကာကွယ်စို့

  ❗️ အသည်းရောင် အသားဝါ ဘီရောဂါဟာ Hapatitis B virus ပိုးဟာ အသည်းကို ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။ အချိန်တိုအတွင်း ပြန်လည်ပျောက်ကင်းနိုင်တဲ့ acute infection နှင့် နာတာရှည်ဖြစ်ပွားနိုင်တဲ့ chronic infection ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။
 ✔️ Acute အမျိုးအစားမှာ သင်ရဲ့ ကိုယ်ခံအားက ခန္ဓာကိုယ်မှ virus တွေကို ရှင်းထုတ်နိုင်ပြီး လ အနည်းငယ်အတွင်း အပြည့်အ၀ ပြန်လည် ကောင်းမွန်နိုင်ပါတယ်။ Chronic တွင် ကိုယ်ခံအားက မတိုက်ထုတ်နိုင်ခြင်းကြောင့် မကုသဘဲ ထားမည်ဆိုလျှင် အသည်း ကင်ဆာ၊ အသည်းခြောက်ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။
  🔴 (၅)လအောက် ကလေးများတွင် chronic ဖြစ်တာကို ပို၍ တွေ့ရတတ်ပါတယ်။ Acute infection ရဲ့ လက္ခဏာများကတော့ ကူးစက်ပြီး (၁) လ မှ (၄) လ ကြားတွင် ပေါ်တတ်သလို ၂ပတ်အကြာမှာ ပေါ်တာကိုလည်း တွေ့ရတတ်ပါသည်။ ကလေးငယ် တချို့မှာတော့ လက္ခဏာမပြဘဲ ဖြစ်တတ်ကြပါတယ်။
  ⭕️ Chronic infection ဟာ အသည်းမှ အပြင်းအထန် နေမကောင်းမဖြစ်မချင်း ဆယ်စုနှစ် ဝန်းကျင်လောက်ထိ မသိဘဲ ရှိနေနိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး ရှိနိုင်တဲ့ လက္ခဏာများမှာ ဗိုက်နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဖျားခြင်း၊ အဆစ်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ နုန်းခြင်း၊ အသားနှင့် မျက်သားများ ဝါခြင်းတို့ ဖြစ်ပါတယ်။ ထိုလက္ခဏာများရှိနေမယ်ဆိုရင်တော့ ဆရာဝန်နှင့် ပြသစစ်ဆေးပေးသင့်ပါတယ်။
  ✅ လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် acute infection ဖြစ်ပါက ဆေးဝါးများဖြင့် ကုသရန် မလိုအပ်ဘဲ ကောင်းစွာ အနားယူခြင်း၊ အာဟာရဓာတ် ပြည့်ပြည့်၀၀ရအောင် စားသောက်ခြင်း၊ အရည်များများ သောက်သုံးပေးခြင်းတို့ဖြင့် ပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ Chronic infection ဖြစ်ပါက ကျန်ရှိနေတဲ့ သက်တမ်းတလျှောက်လုံး ဆေးဝါးကုသမှုများ ခံယူရန် လိုအပ်ပါလိမ့်မယ်။ ကုသမှုများဟာ နောက်ဆက်တွဲ အသည်း ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးပြီး တခြားသူကို မကူးစက်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။
  🔘 Chronic infection ကို ကုသရာတွင် Entecavir, Tenoforvir, Lamivudine တို့ကို အသုံးပြုလေ့ရှိပြီး ထိုဆေးများဟာ virus ကို တိုက်ထုတ်ပေးကာ အသည်းပျက်စီးမှုကို နှေးကွေးစေပါတယ်။
  💉 Interferon ထိုးဆေးကိုတော့ ရည်ရှည်ဆေးသောက်သုံးရန် မလိုလားသော လူငယ်များနှင့် မကြာမီ နှစ်များတွင် ကလေးယူလိုသော အမျိုးသမီးများတွင် အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင် အသုံးမပြုသင့်ပါဘူး။ ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ပျို့အန်ခြင်း၊ အသက်ရှူရခက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။အကယ်၍ အသည်းက ပြင်းထန်စွာ ပျက်စီးနေပါက အသည်း အစားထိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။
  ⚠️ ဘီပိုး ရှိသူ၏ သွေး၊ ခန္ဓာကိုယ်မှ ထွက်သော တခြားအရည်များနှင့် ထိတွေ့မိပါက ကူးစက်ခံရနိုင်ပါတယ်။ နှာချေ၊ ချောင်းဆိုးခြင်းများမှ မကူးစက်နိုင်ပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း၊ ဘီပိုးရှိနေတဲ့ မိခင်မှ ကလေးကို မီးဖွားသည့်အချိန်တွင် ကူးစက်ခြင်းတို့ ဖြစ်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများက ကူးစက်နိုင်ချေ များပါတယ်။
   ⚠️ အသည်းရောင် အသားဝါ ဘီရောဂါ၏ နောက်ဆက်တွဲ အနေဖြင့် အသည်းခြောက်ပြီး ပုံမှန်အလုပ်များ မလုပ်နိုင်ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ အသည်း အစားထိုးမှ အသက်ရှင်နိုင်ခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
   🛡  အသည်းရောင် အသားဝါ ဘီရောဂါကို ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေးကို မွေးကင်းစ ကလေးများ၊ မွေးတုန်းက ကာကွယ်ဆေး မထိုးဖြစ်လိုက်သည့် ကလေးနှင့် အရွယ်ရောက်ပြီးသူများ၊ virus ပိုးရှိသူနှင့် အတူနေသူများ၊ သွေးနှင့် ထိတွေ့နိုင်ချေများသည့် ကျန်းမာရေး ဝန်ထမ်းများ၊ HIV ရှိသူများ၊ sexual partner များသူများ၊ မူးယစ်ဆေးသုံးစွဲသူများ၊ နာတာရှည် အသည်းရောဂါ ရှိသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ အသည်းရောင် အသားဝါ ဘီပိုး ရောဂါ အဖြစ်များသည့် ဒေသကို ခရီးသွားမည့်သူများ ထိုးထားသင့်ပါတယ်။
   ☑️  ဘီပိုး မကူးစက်စေရန်အတွက် အကာအကွယ်မယ့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း၊ နားဖောက် တက်တူး ထိုးသည့်အခါ စိတ်ချရသည့် ဆိုင်ကို ရွေးချယ်ခြင်းတို့ လုပ်သင့်ပါတယ်။

Leave a Comment