သွေးတိုး ရောဂါ အကြောင်း ( Hypertension )

Hypertension

သွေးပေါင်ချိန် တိုင်းလိုက်သည့်အခါ 140/90 mmHg ( အသက် ၈၀ ကျော်ပြီဆိုလျှင်တော့ 150/90 mmHg ) သို့မဟုတ် အဲ့ထက်ပိုများနေလျှင် သွေးတိုး ရောဂါ ( Hypertension )ဟု သတ်မှတ်ပါသည်။

ပုံမှန်ရှိသင့်သည့် သွေးပေါင်ချိန် မှာ အပေါ်သွေး 90 mmHg မှ 120 mmHg ကြားနှင့် အောက်သွေး 60 mmHg မှ 80 mmHg ကြား ဖြစ်ပါသည်။

သင်၏ သွေးပေါင်ချိန် မှာ 120/80 mmHg နှင့် 140/90 mmHg ကြားတွင် ရှိနေပါက သင့်တွင် သွေးတိုး ရောဂါ ( Hypertension ) ဖြစ်နိုင်ချေ များနေပြီ ဖြစ်ပါသည်။

သွေးပေါင်ချိန် အမြဲမြင့်တက်နေမည်ဆိုပါက နှလုံးနှင့် သွေးကြော ရောဂါများ၊ ကျောက်ကပ်ရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်နိုင်ချေ ပိုများလာပါသည်။

အသက် ၆၅နှစ် ကျော်လာခြင်း၊ အဝလွန်ခြင်း၊ ဆွေမျိုးများတွင် သွေးတိုး ရောဂါရှိခြင်း၊ အငံ အစားများခြင်း၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ အစားနည်းခြင်း၊ လေ့ကျင့်ခန်း လုံလုံလောက်လောက် မလုပ်ခြင်း၊ အရက်နှင့် ကဖင်းဓာတ်ပါသော ကော်ဖီကဲ့သို့ သောက်စရာများ အလွန်အကျွံ သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အိပ်ရေးပျက်ခြင်း စသည့် အချက်များက သွေးတိုး ရောဂါ ( Hypertension ) ဖြစ်နိုင်ချေကို ပိုများစေပါသည်။

သွေးတိုး ခြင်းကို ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှု ဘဝပုံစံကို ပြောင်းလဲနေထိုင်ခြင်းနှင့် သွေးပေါင်ချိန် ထိန်းပေးသော ဆေးများကို သောက်သုံးပေးခြင်းဖြင့် ထိန်းထားနိုင်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှု ဘဝပုံစံကို ပြောင်းလဲနေထိုင်ခြင်းတွင် အရက်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်း၊
ကဖင်းဓာတ် လျော့ချခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်း တို့ပါဝင်ပါသည်။

တစ်နေ့လျှင် ဆားကို လက်ဖက်စားဇွန်း တစ်ဇွန်းထက် ပိုမစားသင့်ပါ။

တစ်ပါတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ခန့် စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း စသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးရပါမည်။

တစ်နေ့ကို ကော်ဖီ၄ခွက်ထက် ပိုသောက်ခြင်းကလည်း သွေးတိုး စေပါသည်။

ဆေးလိပ်သောက်ခြင်းက သွေးပေါင်ချိန် ပေါ်ကို တိုက်ရိုက်မသက်ရောက်ပေမယ့် ရုတ်တရတ် နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကိုတော့ ဖြစ်နိုင်ချေများစေပါသည်။ ဆေးလိပ်သောက်ခြင်းကလည်း သွေးတိုး ရောဂါ ( Hypertension )ကဲ့သို့ သင်၏ နှလုံးသွေးကြောများကို ကျဉ်းစေပါသည်။ သင့်တွင် သွေးတိုး ( Hypertension ) လည်းရှိပြီး ဆေးလိပ်ပါ သောက်နေပါကသွေးကြောများ ပို၍ မြန်မြန်ဆန်ဆန် ကျဉ်းလာမှာဖြစ်ပြီး နှလုံးရောဂါနှင့် အဆုတ်ရောဂါ ဖြစ်နိုင်ချေများလည်း ပိုတိုးလာမှာ ဖြစ်ပါသည်။

သွေးတိုး ရောဂါ ( Hypertension )ရှိပါက ဆရာဝန်မှ သွေးပေါင်ချိန် ကို ထိန်းထားနိုင်ဖို့ ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး ညွှန်လေ့ရှိပါသည်။ အသုံးများသော သွေးတိုးကျဆေး များကတော့

  1. ACE inhibitors – enalapril, perindopril, ramipril
  2. ARBs – candesartan, irbesartan, losartan, valsartan & Olmesartan
  3. Calcium channel blockers – amlodipine, felodipine, nifedipine or diltiazem & verapamil
  4. Diuretics – indapamide
  5. Beta blockers – atenolol, bisoprolol
  6. Alpha blockers – doxazosin
  7. Other diuretics – spironolactone တို့ဖြစ်ပါသည်။

အသက် ၅၅နှစ်အောက်ဆိုလျှင် ACEI သို့မဟုတ် ARB သွေးတိုးကျဆေး များ ပေးလေ့ရှိပြီး ၅၅နှစ်နှင့် အထက်ဆိုလျှင် Calcium channel blocker သွေးတိုးကျဆေး များ ပေးလေ့ရှိပါသည်။

သွေးတိုးကျဆေး များကို သင်၏ ကျန်ရှိသည့် သက်တမ်းတစ်လျှောက်လုံး သောက်သွားရနိုင်ပါသည်။ ဆရာဝန်ညွှန်ထားသည့်အတိုင်း တိတိကျကျ
လိုက်နာသောက်သုံးပေးဖို့ လိုအပ်ပါသည်။

သွေးတိုးကျဆေး များတွင် ဘေးထွက်ဆိုးကျိုးများ ရှိသော်လည်း လူတော်တော်များများတွင် တွေ့ရလေ့ မရှိပါ။

ACEI သွေးတိုးကျဆေး များ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးကတော့ ချောင်းခြောက်ဆိုးခြင်း ဖြစ်ပါသည်။

ARBs သွေးတိုးကျဆေး များ၏ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများကတော့ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် တုပ်ကွေးမိသလို လက္ခဏာများ ဖြစ်ခြင်းတို့ဖြစ်ပါသည်။

Calcium channel blockers သွေးတိုးကျဆေး များ၏ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများကတော့ ခေါင်းကိုက်ခြင်း၊ ခြေချင်းဝတ်ရောင်ခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်ပါသည်။ Calcium channel blockers သွေးတိုးကျဆေး သောက်ရသူများသည် ဂရိတ်ဖု ဖျော်ရည်သောက်ပါက ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။

Diuretics ဆေးများ၏ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများကတော့ မတ်တပ်ရပ်လိုက်သည့်အခါတွင် မူးဝေခြင်း၊ ရေဆာခြင်း၊ မကြာခဏ ဆီးသွားရခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းတို့ ဖြစ်ပါသည်။

Beta blockers များ၏ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများကတော့ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ခြေလက်များ အေးခြင်းတို့ ဖြစ်ပါသည်။

ကိုယ်ဝန်တားဆေးများ၊ စတီးရိုက်ဆေးများ၊ ibuprofen နှင့် naproxen ကဲ့သို့ NSAIDs အကိုက်အခဲပျောက်ဆေးများ၊ နွယ်ချိုပါသော ဆေးများ စသည်တို့သည် သွေးပေါင်ချိန် ကို မြင့်တက်စေပါသည်။ ထိုဆေးများကို ရပ်လိုက်ပါက သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်ပါသည်။

အသက်၄၀ ကျော်ပြီဆိုလျှင် အနည်းဆုံး ၅နှစ်တစ်ကြိမ် သွေးပေါင်ချိန် တိုင်းသင့်ပါသည်။ ထိုကဲ့သို့ တိုင်းကြည့်ရင်း သင်၏ သွေးပေါင်ချိန်မှာ 120/80 mmHg နှင့် 140/90 mmHg ကြားတွင် ရှိနေပါက သွေးတိုးရောဂါ ( Hypertension ) ဖြစ်နိုင်ချေ များနေပြီဖြစ်ပါ၍ တစ်နှစ်တစ်ခါ တိုင်းပေးရပါမည်။ မိမိကိုယ်တိုင် သွေးပေါင်ချိန် စက် ဝယ်ထားပြီး အိမ်တွင် မကြာခဏ တိုင်းပေးလို့လည်း ရပါသည်။

သွေးပေါင်ချိန် မတိုင်းခင် ၅မိနစ်ခန့်ကြိုပြီး ကျောမှီပါသည့် ခုံတွင် ထိုင်နေသင့်ပြီး ခြေထောက်ချိတ်ထိုင်ခြင်းကို ရှောင်ကြဉ်ရပါမည်။ အင်္ကျီ လက်ရှည်ဝတ်ထားလျှင် သွေးပေါင်ချိန် မတိုင်းခင် ပင့်တင်ခြင်း၊ ချွတ်ခြင်းများ လုပ်သင့်ပါသည်။ သွေးပေါင်ချိန် တိုင်းနေချိန်မှာ သက်တောင့်သက်သာ ဖြစ်အောင်နေပြီး စကားမပြောရပါ။ သွေးပေါင်ချိန် တိုင်း လက်ပတ်ပတ်ထားသည့် လက်မောင်းနှင့် နှလုံးက တစ်တန်းတည်း ဖြစ်ရပါမည်။

မိမိ၏ ပျမ်းမျှသွေးပေါင်ချိန်ကို သိလိုပါက မနက်တစ်ခါ၊ ညတစ်ခါ တိုင်းရမည်ဖြစ်ပြီး တစ်ခါတိုင်းလျှင် တစ်မိနစ်ခြားပြီး နှစ်ကြိမ်ဆက်တိုက်တိုင်းပေးရပါမည်။ ထိုကဲ့သို့ ၇ရက်ဆက်တိုက် တိုင်းပေးရပါမည်။ ထိုမှရလာသော အဖြေများကို ကြည့်ပြီး ဆရာဝန်မှ သင်၏ ပျမ်းမျှသွေးပေါင်ချိန်ကို သိနိုင်ပါသည်။

အခုဆိုရင် သွေးတိုး ရောဂါ ( Hypertension ) နှင့် ပက်သက်ပြီးတော့လည်း အတော်အသင့် သိရှိသွားကြပြီဟု ထင်ပါသည်။

သွေးတိုး ရောဂါ ( Hypertension ) နှင့် ပက်သက်ပြီး ဆရာဝန်နှင့် ပြသလိုပါက မနော်ဟရီလမ်း ၁၁၀လမ်း ၆၂လမ်းနှင့် ၆၄လမ်းကြားရှိ ဇီဝကအထူးကုဆေးခန်းတွင် လာရောက်ပြသနိုင်ပါသည်။

လိုအပ်သည့် သွေးတိုးကျဆေး များရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy
များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။

ဆိုင်လိပ်စာများကတော့
– ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
– ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
– ဆိုင်(၃)မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
– ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

Leave a Comment