ဆီးချို ရောဂါ ( Diabetes ) ဆိုသည်မှာ…

diabetes

ဆီးချို ရောဂါ ( diabetes ) ဆိုသည်မှာ သွေးထဲတွင် ဂလူးကို့စ် ဟုခေါ်သည့် အချိုဓာတ်တွေ ရှိသင့်တာထက် ပိုများနေသည့် ရောဂါဖြစ်ပါသည်။ ဆီးချို ရောဂါ ကို မကုသပဲ ထားမည်ဆိုလျှင် အာရုံကြော၊ မျက်လုံးနှင့် ကျောက်ကပ်ကိုပါ ပျက်စီးစေပါသည်။ ဆီးချို ရောဂါ ကို အဓိက ဖြစ်စေသည့် အကြောင်းအရာကတော့ ဆီးချို ရောဂါ မျိုးရိုးရှိခြင်းနှင့် အဝလွန်ခြင်းကြောင့် ဖြစ်ပါသည်။

ဆီးချို ရောဂါ ( diabetes ) ၏ လက္ခဏာများကတော့
 မကြာခဏ ဗိုက်ဆာခြင်း၊
 ပင်ပန်းနွမ်းနယ်ခြင်း၊
 ဆီးခဏခဏသွားခြင်း၊
 အာခြောက်ပြီး ရေမကြာခဏဆာခြင်း၊
 အရေပြားများ ခြောက်သွေ့ယားယံခြင်း၊
 အမြင်အာရုံဝေဝါးခြင်း၊
 အနာကျက်နှေးခြင်းနှင့်
 ခြေလက်များ ထုံကျင်ခြင်းတို့ ဖြစ်ပါသည်။


ဆီးချို ရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများကတော့

 ကိုယ်အလေးချိန်ထိန်းခြင်း
အဝလွန်ခြင်းသည် ဆီးချို ရောဂါ ဖြစ်စေသည့် အဓိက အကြောင်းအရင်းဖြစ်ပါသည်။ ပုံမှန် ကိုယ်အလေးချိန် ရှိသူနှင့် ယှဉ်လျှင် အဝလွန်နေသူက ဆီးချို ရောဂါ ဖြစ်နိုင်ချေ အဆ၂၀မှ၄၀လောက်ထိ ပိုများပါသည်။

 လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေခြင်း
ကြွက်သားများကို မကြာခဏ အလုပ်ပေးခြင်းက သွေးထဲရှိ ပိုလျှံနေသော ဂလူးကို့စ်များကို စုပ်ယူစေပါသည်။ လှုပ်ရှားမှုနည်းပြီး အထိုင်များသူများက အဝလွန်တတ်တာကိုလည်း တွေ့ရပါသည်။

 ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ရွေးချယ်စားသုံးပေးခြင်း
သကြားပါဝင်မှုများသော အချိုရည်များကို လျော့သောက်ပြီး ရေများများသောက်ပေးသင့်ပါသည်။ အစေ့အဆံ၊ အမျှင်ဓာတ်များသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ၊ ပဲနှင့် ငါးများကို အဓိက စားပေးသင့်ပါသည်။

 ဆေးလိပ် ဖြတ်ခြင်း
ဆေးလိပ်သောက်သူများက မသောက်သည့် သူများထက် ၅၀ရာခိုင်နှုန်း ပို၍ ဆီးချို ရောဂါ ဖြစ်နိုင်ပါသည်။ ဆေးလိပ်များများသောက်လေ ဆီးချို ရောဂါ ဖြစ်နိုင်ချေ ပိုများလေဖြစ်ပါသည်။

ဆီးချို ရောဂါ ( diabetes ) ရှိရင် အမြဲဂရုစိုက်ပေးရမည့် အရာ ၄မျိုးကိုလည်း ပြောပြပေးပါမည်။

HbA1c
HbA1c ( Hemoglobin A1c ) စစ်ခြင်း ဆိုသည်မှာ သုံးလအတွင်း ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်အား ကောင်းစွာ ထိန်းချုပ်နိုင်မှု ရှိမရှိကို တိုင်းတာခြင်း ဖြစ်ပါသည်။ သကြားဓာတ်များ ကပ်တွယ်နေသော သွေးနီဥဆဲလ် ပမာဏကို ရာခိုင်နှုန်းဖြင့် ဖော်ပြပေးပါသည်။ HbA1c level ကို 7 % အောက်မှာရှိအောင် ထိန်းထားနိုင်ပါက ဆီးချိုရောဂါ ပိုဆိုးလာခြင်းကို နှေးကွေးစေပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်သည့် အာရုံကြောများ ပျက်စီးခြင်းနှင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေများကိုလည်း လျှော့ချပေးနိုင်ပါသည်။ HbA1c စစ်ခြင်းဖြင့် ဆီးချိုရှိမရှိ၊ ဆီးချိုဖြစ်နိုင်ချေရှိမရှိကို သိရှိနိုင်သည့်အပြင် ဆီးချိုရောဂါသမားတွေမှာတော့ ရောဂါ အခြေအနေ ထိန်းချုပ်နိုင်မှုရှိမရှိကို သိနိုင်ပါသည်။ မကြာခဏရေဆာခြင်း၊ မကြာခဏဆီးသွားခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့် ဆီးချိုလက္ခဏာများရှိနေလျှင် HbA1c စစ်ကြည့်သင့်ပါသည်။ အဝလွန်နေသူများ၊ သွေးတိုးရှိသူများနှင့် နှလုံးရောဂါရှိသူများလည်း စစ်သင့်ပါသည်။ HbA1c level 5.7% အောက်ဆိုလျှင် ပုံမှန်ဖြစ်ပြီး 5.7% နှင့် 6.4% ကြားရလျှင် ဆီးချိုဖြစ်နိုင်ချေရှိပါသည်။

သွေးပေါင်ချိန်
ဆီးချိုလည်းရှိပြီး သွေးပေါင်ချိန်လည်း မြင့်တက်နေပါက နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ၊ ကျောက်ကပ်ရောဂါများ စသည့် ကျန်းမာရေးပြဿနာများ ဖြစ်လာတတ်သောကြောင့် ဆီးချိုရှိသူများက သွေးပေါင်ချိန်ကို 140/90 mmHg အောက်ရှိအောင် ထိန်းထားရပါမည်။

သွေးတွင်းအဆီဓာတ်
ဆီးချိုရောဂါရှိသူတွင် ခန္ဓာကိုယ်အတွက် မကောင်းသည့် LDL cholesterol ပမာဏများနေပါက ထိုသကြားဓာတ်ရှိနေသော LDL cholesterol များသည် သွေးကြောထဲတွင် ပုံမှန်ထက် ပို၍ကြာကြာနေတတ်သည့်အတွက် ကြာလာသောအခါ သွေးကြောများ မာလာ၊ ကျဉ်းလာပြီး သွေးပေါင်ချိန် မြင့်တက်စေပါသည်။ ထို့ကြောင့် ဆီးချိုသမားများတွင် LDL Cholesterol သွေးတွင်းအဆီဓာတ်က 100 mg/dl အောက် ရှိသင့်ပါသည်။

အစားအသောက်
ဆီးချိုရှိသူများက အစာစားသည့် အခါတွင်လည်း ကျန်းမာသော စားသောက်မှု ပုံစံအတိုင်း စားပေးသင့်ပါသည်။ ထမင်းပန်းကန်၏ ၅၀ ရာခိုင်နှုန်းကို အသီးအရွက်များ စားရပါမည်။ ပန်းပွင့်စိမ်း၊ ဂေါ်ဖီထုပ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ ကိုက်လန် တို့က ဆီးချိုသမားများအတွက် သင့်တော်သော ဟင်းသီးဟင်းရွက်များ ဖြစ်ပါသည်။ ထမင်းပန်းကန်၏ ၂၅ ရာခိုင်နှုန်းကိုတော့ ဗာဒံစေ့၊ သစ်ကြားစေ့၊ သီဟိုဌ်စေ့၊ မြေပဲဆံ စသည့် အစေ့အဆံများ စားပေးရပါမည်။ ထမင်းပန်းကန်၏ ကျန်၂၅ ရာခိုင်နှုန်းကိုတော့ အသားဓာတ် စားပေးရပါမည်။

HbA1c နှင့် LDL – cholesterol level စစ်ချင်ပါက မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့်(၆၄)လမ်းကြားရှိ ဇီဝက အဆင်မြင့် ရောဂါရှာဖွေရေးစင်တာတွင် လာရောက်စစ်ဆေးနိုင်ပါသည်။

ဆီးချို တိုင်းစက်နှင့် ပါတ်သက်သည့် သိမှတ်ဖွယ်ရာ အချက်များကတော့

 ဆီးချို စစ်တော့မည်ဆိုလျှင် ပထမဆုံး လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရမည်။ ရေနွေးနွေးဖြင့် ဆေးပေးပါက လက်ချောင်းတွေဆီ သွားသည့် သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး သွေးဖောက်သည့်အခါ အလွယ်တကူ သွေးရမှာ ဖြစ်ပါသည်။

 လက်ဆေးဖို့ အဆင်မပြေပါက ရေမလို လက်သန့်ဆေးရည် သို့မဟုတ် အရက်ပြန် ဆွတ်ထားသော ဂွမ်း ( alcohol swab ) ဖြင့် အပ်ဖောက်မည့်နေရာကို သန့်ရှင်းပေးရမည်။

 လက်ပဲဆေးဆေး၊ alcohol swab ပဲသုံးသုံး သွေးမဖောက်ခင် လက်ကိုခြောက်အောင် စောင့်ရမည်။

 လက်သန့်ရှင်းရေး လုပ်ဖို့ အဆင်မပြေလျှင် ပထမဆုံးထွက်လာသည့် သွေးစက်ကို မယူပဲ ဒုတိယ ထွက်လာသည့် သွေးကိုယူပြီး စစ်သင့်ပါသည်။

 သွေးထွက်နည်းလျှင် လက်ထိပ်ကို မညှစ်ရပါ။ ရလဒ်မမှန်ကန်မှု
ဖြစ်နိုင်ပါသည်။ သွေးထွက်နည်းလို့ ညှစ်မည်ဆိုလျှင် လက်ဖဝါးနားက
စညှစ်ရမည်။

 မိမိ၏ အဖြေအား သံသယဖြစ်ပါက စက်တွင်ပါသော သွေးတု ( control solution ) ကို အသုံးပြုပြီး စက် မှန်ကန်မှု ရှိမရှိကို မိမိကိုယ်တိုင်
အတည်ပြုကြည့်နိုင်ပါသည်။ သွေးတုဗူးပေါ်တွင် ပါသည့် expiry date
ကျော်နေလျှင် သို့မဟုတ် သွေးတုဗူးက ဖောက်ပြီး ရက်၉၀ကျော်နေလျှင်တော့ မသုံးသင့်တော့ပါ။ သွေးတုကို တိုင်းလိုက်သည့်အခါ ရရှိသင့်သည့် အဖြေကို သွေးခံပြား (test strip) အနောက်တွင် သို့မဟုတ် သွေးတုဗူးပေါ်တွင် ဖော်ပြထားပါသည်။ သွေးတုကို စစ်ကြည့်လိုက်လို့ ရှိသင့်သည့် ပမာဏထဲဝင်တယ်ဆိုလျှင် စက်က မှန်ကန်မှု ရှိပါသည်။

 စက်ကို အရမ်းပူ၊ အရမ်းအေးသည့် နေရာများတွင် မထားရပါ။

 ဓာတ်ခဲအားရှိနေဖို့ကလည်း အရေးကြီးပါသည်။

 မိမိစစ်လို့ ရလာသည့် အဖြေများကိုလည်း အချိန်၊ရက်စွဲတို့နှင့်တကွ မှတ်ထားပေးအောင် စက်ကို setting ချိန်ထားဖို့လည်း လိုအပ်ပါသည်။

 သွေးခံပြားများ (test strips) သက်တမ်းလွန် မနေဖို့ကလည်း အရေးကြီးသည့်အတွက် မစစ်ခင် expiry date စစ်ပေးရပါမည်။ စက်အမျိုးအစားနှင့် တံဆိပ်တူညီသော သွေးခံပြား (test strip) ကိုသာ သုံးရမည် ဖြစ်ပါသည်။

 ဗူးနှင့် လာသည့် သွေးခံပြားများ ဆိုလျှင် တစ်ခုယူပြီးတိုင်း ဖုန်နှင့် စိုထိုင်းမှုများမှ ကာကွယ်ဖို့အတွက် အဖုံးကို သေချာပြန်ပိတ်ပေးရမည်။

 သွေးခံပြားပေါ်ရှိ သွေးစက်တင်ရမည့် နေရာကို လက်နှင့် မကိုင်ရပါ။ သွေးခံပြားကို အလယ်နေရာက ကိုင်ရမည်။

 ဖောက်သည့်အပ်ကို မလဲပဲ ထပ်ခါထပ်ခါ သုံးပါက အပ်တုံးသည့် အတွက် သွေးဖောက်သည့်အခါ ပို၍ နာတတ်ပါသည်။

 လက်တစ်ချောင်းတည်းလည်း ထပ်ခါထပ်ခါ မဖောက်သင့်ပါ။

 မိမိ၏ လက်အရေပြား အထူအပါးနှင့် သင့်တော်သည့် အပ်ပြင်းအားကိုသာ ရွေးချယ်ပြီး ဖောက်သင့်ပါသည်။

 ၈နာရီခန့် အစားရှောင်ပြီး အိပ်ယာနိုးနိုးချင်း မနက်စာမစားခင် ဆီးချို စစ်သင့်ပါသည်။ ထိုကဲ့သို့ စစ်လိုက်လို့ 100 mg/dl ( 5.5 mmol/l ) အောက်ရလျှင် ပုံမှန်ဖြစ်ပါသည်။ 100 – 125 mg/dl ( 5.5 – 6.9 mmol/l ) ကြားဆိုလျှင် ဆီးချို ရောဂါ ဖြစ်နိုင်ချေ အလားအလာ ရှိပါသည်။ 126 mg/dl ( 7 mmol/l ) နှင့် အထက်ဆိုလျှင် ဆီးချို ရှိပါသည်။

 အစာစားပြီးမှ စစ်မည်ဆိုပါက စားပြီးနှစ်နာရီကြာမှသာလျှင် စစ်သင့်ပါသည်။ ဆီးချို ရောဂါ မရှိသူဆိုလျှင် 140 mg/dl ( 7.8 mmol/l ) အောက်ရသင့်ပြီး ဆီးချို ရောဂါ ရှိသူဆိုလျှင် 180 mg/dl ( 10 mmol/l ) အောက်ရလျှင် ကောင်းပါသည်။

 Random တိုင်းမည်ဆိုပါက 80 – 140 mg/dl ( 4.4 – 7.8 mmol/l ) ကြားဆိုလျှင် ပုံမှန်ဖြစ်ပါသည်။ 140 – 200 mg/dl ( 7.8 – 11.1 mmol/l ) ကြားဆိုလျှင် ဆီးချို ရောဂါ ဖြစ်နိုင်ချေ အလားအလာ ရှိပါသည်။ 200 mg/dl ( 11.1 mmol/l ) နှင့် အထက်ဆိုလျှင် ဆီးချို ရှိပါသည်။

လိုအပ်သည့် ဆေးများရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဇီဝက အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ၏ လိပ်စာကတော့ မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့ ဖြစ်ပါသည်။

အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy
များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။

ဆိုင်လိပ်စာများကတော့
 ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
 ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
 ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
 ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

Leave a Comment