ချစ်ရသော အမျိုးသမီးတို့အတွက် သိထားသင့်တဲ့ ရာသီသွေးဆင်းခြင်းဆိုင်ရာ အရေးကြီးအချက်များ
ရာသီသွေးဆင်းခြင်းဟာ ရှက်ရွံ့စရာအကြောင်းအရာတစ်ခု မဟုတ်ဘဲ အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အရေးကြီးတဲ့ ဇီဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ ရာသီစက်ဝန်းကို ပုံမှန်စောင့်ကြည့်ခြင်းက မျိုးပွားကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုအချို့ကို စောစီးစွာ သတိပြုနိုင်စေပါတယ်။
၁။ လစဉ်သုံးပစ္စည်းများကို သန့်ရှင်းစွာ အသုံးပြုပါ။
Pad, Tampon, Menstrual Cup စတဲ့ လစဉ်သုံးပစ္စည်းတွေထဲက မိမိနဲ့ သက်တောင့်သက်သာရှိပြီး သင့်တော်တဲ့ပစ္စည်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
• Pad ကို သွေးဆင်းတဲ့ပမာဏအလိုက် ပုံမှန်လဲပေးပါ။
• Tampon ကို ၄–၈ နာရီအတွင်း လဲပေးပါ။
• Menstrual Cup ကို အများဆုံး ၈–၁၂ နာရီထက် ကျော်မသုံးသင့်ပါ။
လစဉ်သုံးပစ္စည်းတွေကို မကြာခဏလဲပေးခြင်းနဲ့ လက်ကို အသုံးမပြုမီ၊ အသုံးပြုပြီးတိုင်း သန့်ရှင်းစွာ ဆေးကြောခြင်းက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးကြီးပါတယ်။
၂။ မိန်းမကိုယ်သန့်ရှင်းရေးကို မှန်ကန်စွာ ထိန်းသိမ်းပါ။
မိန်းမကိုယ်ရဲ့ အပြင်ဘက်ဧရိယာကို ရေနွေးနွေး (သို့) အနံ့မပါသော ဆပ်ပြာအပျော့စားဖြင့် နူးညံ့စွာ သန့်စင်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းက မိမိဘာသာ သန့်စင်နိုင်တဲ့ စနစ်ရှိတာကြောင့် အတွင်းထဲအထိ ဆပ်ပြာ၊ ဆေးရည်တို့နဲ့ ဆေးကြောခြင်း မလုပ်သင့်ပါ။ ရှေ့မှ နောက်သို့ သန့်စင်ဆေးကြောပေးတဲ့ အလေ့အထကို ပြုလုပ်ပါ။
၃။ ရာသီလာစဉ် ဗိုက်အောင့်ခြင်းကို သက်သာစေဖို့
• ဝမ်းဗိုက်အောက်ပိုင်းကို ရေနွေးအိတ် ကပ်ပေးနိုင်ပါတယ်။
• ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။
• လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများကို မိမိအတွက် သင့်တော်မှုရှိ/မရှိ ဆေးဝါးပညာရှင်ရဲ့ အကြံပြုချက်နဲ့အညီ သောက်သုံးနိုင်ပါတယ်။
၄။ ရာသီမလာမီ ဖြစ်တတ်တဲ့ လက္ခဏာများ
ရာသီမလာမီ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ ရင်သားတင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ရေဓာတ်လုံလောက်စွာ ဖြည့်တင်းခြင်းနဲ့ မျှတတဲ့အစားအစာ စားသုံးခြင်းတို့က အချို့သောလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
အကယ်၍
ရာသီသွေးအလွန်ဆင်းကာ တစ်နာရီခြားတစ်ခါ Pad/Tampon ကို ဆက်တိုက် လဲပေးနေရခြင်း၊
၇–၈ ရက်ထက် ပိုပြီး သွေးဆင်းခြင်း၊
ပုံမှန်ဖြစ်နေရာမှ ရာသီစက်ဝန်း သိသိသာသာ တိုလာခြင်း၊ ရှည်လာခြင်း (သို့) မမှန်တော့ခြင်း၊
ရာသီလာစဉ် ဗိုက်နာခြင်း အလွန်ပြင်းထန်၍ နေ့စဉ်လုပ်ငန်းများကို ထိခိုက်စေခြင်း၊
ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း (သို့) လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
မူးဝေခြင်း၊ အားနည်းခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်ပေါ်ပါက အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။
ဇီဝကအနေဖြင့် အမျိုးသမီးတိုင်း ကျန်းမာသန့်ရှင်းပြီး ဘေးကင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်စေဖို့ အသင့်ရှိနေပါတယ်။ သောက်ဆေးများ၊ လစဉ်သုံးပစ္စည်းများနဲ့ ပတ်သက်ပြီး သိရှိလိုတာရှိပါက ဇီဝကနဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။