💡 ကလေးဉာဏ်ရည် ထက်မြက်ဖို့ ငယ်စဉ်ကတည်းက ပျိုးထောင်စို့
👶 ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ ကလေးများအား ဉာဏ်ရည်မြင့်မားစေလိုသော်လည်း ထိရောက်စွာပြုစုပျိုးထောင်နည်းကို သိရှိထားမှု နည်းပါးတတ်ကြပါတယ်။ ရိုးရှင်းစွာဖြင့် ကလေး ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ပံ့ပိုးရန် အကောင်းဆုံးနည်းလမ်းများအား မျှဝေချင်ပါတယ်။
🟣 ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ရန် အကောင်းဆုံး နည်းလမ်းငါးခု
☑️ ကလေး စိတ်ကူးထဲကအတိုင်း ကစားခြင်းကို အားပေးပါ။
ကလေးကို ကစားစရာ ပစ္စည်းတစ်ခုခု ပေးကစားတဲ့အခါ ဘယ်လိုကစားရမယ်ဆိုပြီး သင်ပေးတာထက် သူ့စိတ်ကူးထဲကအတိုင်း စဉ်းစားတီထွင်ပြီး ဆော့ကစားခိုင်းရပါမယ်။
☑️ ကလေးကို မကြာခဏ စာအုပ်ဖတ်ပြပါ။
စာဖတ်တဲ့ အလေ့အကျင့်ကို စောစောလေ့ကျင့်ပေးခြင်းက ဘာသာစကားကျွမ်းကျင်ခြင်း၊ ဝေါဟာရကျယ်ပြန့်ခြင်းနှင့် အထွေထွေဗဟုသုတ ကြွယ်ဝခြင်း စတဲ့ အကျိုးတွေကို ရရှိစေပါတယ်။ ကလေး၏ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် တွေးခေါ်မှုစွမ်းရည်တို့ကို တိုးတက်စေပါတယ်။ ဖတ်ပြပြီးသွားရင်လည်း ဖတ်ခဲ့သည့် စာ/ပုံပြင်များအကြောင်း ကလေးကိုပြန်လည်ပြီး မေးခွန်းများမေးဖို့ လိုပါတယ်။ ဥပမာ- “ဒါမျိုးဖြစ်ခဲ့ရင် သားဆို ဘာလုပ်မလဲ”၊ “ဒီလိုဖြစ်သွားရင် သမီးဆိုရင်ရော ဘယ်လိုခံစားရမလဲ” စသဖြင့်။
☑️ကျောင်းမထားခင်ကတည်းက ကလေးအား အခြေခံသင်္ချာစွမ်းရည်ရှိအောင် သင်ပေးပါ။
အသက်ငယ်ငယ်မှာ သင်္ချာစွမ်းရည်များ ဖွံ့ဖြိုးလာခြင်းက အနာဂတ် ပညာရေးမှာ ထွန်းပေါက်စေပြီး ပြဿနာဖြေရှင်းနိုင်စွမ်းကို မြင့်မားစေပါတယ်။ အိမ်မှာရှိတဲ့ အရာဝတ္ထုများ သို့မဟုတ် အရုပ်များကို အသုံးပြု ရေတွက်ပြပြီး “တစ်”၊ “နှစ်”၊ “သုံး” စသင်ပါ။ ထို့နောက် အရာဝတ္ထုများကို ပေါင်းထည့်ပြခြင်း၊ ဖယ်ရှားပြခြင်းတို့ဖြင့် ပေါင်းခြင်းနှင့် နုတ်ခြင်းကို ဖြည်းဖြည်းချင်း သင်ကြားပေးပါ။
☑️ အိမ်တွင်း ကိုယ်လက်လှုပ်ရှားမှု မြှင့်တင်ပါ။
တက်ကြွလှုပ်ရှားမှုရှိတဲ့ ကလေးတွေက ကျန်းမာရေးကောင်းသလို အာရုံစူးစိုက်နိုင်စွမ်းနှင့် လေ့လာသင်ယူနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။ ဒါကြောင့် screen time လျှော့ချပြီး ကလေးကို လှုပ်လှုပ်ရှားရှား ဆော့ကစားပါစေ။
ကလေးအား ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်ရှိအောင် မွေးမြူပေးပါ။
☑️ ကိုယ့်ကလေးက သူများနဲ့ယှဉ်လို့ တိုးတက်မှု နှေးနေရင်တောင်မှ စိတ်ရှည်ရှည်ထားပြီး ယုန်နဲ့လိပ် ပုံပြင်ထဲက ယုန်လေးလို၊ မပုကြွယ်နဲ့ ခရုငယ်ထဲက ခရုလေးလို ဖြည်းဖြည်းနဲ့ မှန်မှန် ကြိုးစားလို့ရကြောင်း ခွန်အားပေးပါ။
💠 နိဂုံးချုပ်အားဖြင့် သင်၏ ကလေး ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် ငယ်စဉ်ကတည်းက မိဘများအနေဖြင့် အထက်ဖော်ပြပါ နည်းလမ်းများကို အာရုံစိုက်ကာ တက်တက်ကြွကြွနဲ့ ပါဝင်သင်ကြားပေးပါက ကျန်းမာသော၊ ဉာဏ်ကောင်းသော သားသမီးရတနာများကို မွေးထုတ်နိုင်မှာ ဖြစ်ပါတယ်…💜