✨ Citicoline အကြောင်း တစေ့တစောင်း

✅ Citicoline ဆိုတာဟာ အာရုံကြောစနစ်ရဲ့ ဆဲလ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာများကို ကာကွယ်ပြုပြင်ပေးသော ခန္ဓာကိုယ်အတွင်းမှ သဘာဝဒြပ်ပေါင်းတစ်မျိုး ဖြစ်ပါတယ်။ Citicoline ကို တွေးခေါ်နိုင်စွမ်းနှင့် မှတ်ဉာဏ်အာရုံကို မြှင့်တင်ရန်အတွက် အာဟာရဖြည့်စွက်စာအနေနှင့်လည်း ဈေးကွက်ထဲတွင် ရရှိနိုင်ပါတယ်။

Citicoline ရဲ့ အကျိုးအာနိသင်များမှာ…
🔻 ဦးနှောက်နှင့် ဆက်စပ်နေသော အခြေအနေအမျိုးမျိုးမှာ အာရုံကြောဆဲလ်များကို အာဟာရဖြစ်စေပြီး ပျက်စီးမှုနည်းပါးစေခြင်း
🔻 ဗဟိုအာရုံကြောစနစ် (ဦးနှောက်နှင့် ကျောရိုး)ရဲ့ လုပ်ဆောင်မှုများကို မြှင့်တင်ပေးခြင်း
🔻 လေ့လာသင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်၊ အကဲဖြတ်နိုင်စွမ်းနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို တိုးတက်စေခြင်း
🔻 ဦးခေါင်းဒဏ်ရာ ရထားသူများနှင့် ခွဲစိတ်ကုသမှု ခံယူထားသော လူနာများကို ပို၍မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေခြင်း
တို့ဖြစ်တာကြောင့် Citicoline ကို လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း၊ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနှင့် ရေတိမ်တို့ကို ကုသရာမှာ အသုံးပြုပါတယ်။

💊 Citicoline ကို အာဟာရဖြည့်စွက်စာအဖြစ် သောက်သုံးမယ်ဆိုရင်တော့ တစ်ရက်ကို 500 mg အထိ သောက်သုံးနိုင်ပြီး ရောဂါကုသရာမှာတော့ တစ်ရက်လျှင် 500 mg မှ 2000 mg အထိ အသုံးပြုလေ့ရှိပါတယ်။

🍽 ခန္ဓာကိုယ်အတွင်းမှ သဘာဝဒြပ်ပေါင်းတစ်မျိုးဖြစ်တာကြောင့် အစားအစာနှင့် ဓာတ်ပြုမှုမရှိသည့်အတွက် အစာနှင့်ဖြစ်စေ၊ အစာမရှိဘဲဖြစ်စေ သောက်သုံးနိုင်ပါတယ်။ Citicoline ကို သောက်ဆေးအပြင် ထိုးဆေးအနေနှင့်လည်း ထုတ်လုပ်အသုံးပြုကြပါတယ်။

Citicoline က ပါကင်ဆန်ရောဂါအတွက် အသုံးပြုသော Levodopa, Carvidopa ဆေးများရဲ့ အာနိသင်ကိုတော့ ပြောင်းသွားစေနိုင်တဲ့အတွက် ထိုဆေးများ သောက်နေပါက Citicoline ကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောနှင့်မိမိ မသောက်သုံးကြဖို့ သတိပေးလိုက်ပါတယ်…💜

Leave a Comment