တူသ‌ယောင်နဲ့ ကွဲတဲ့ ဆေးရည် အမျိုးမျိုး

🩺 ဆေးဝါးပညာရှင်များက လူနာများအား အမျိုးမျိုးသော အခြေအနေများမှာ ဆေးအာနိသင် အထိရောက်ဆုံး ပေးစွမ်းနိုင်စေဖို့ ဆေးဝါးပုံစံအမျိုးမျိုးကို တီထွင်ဖန်တီးထုတ်လုပ်ကြပါတယ်။ ဆရာဝန်များကလည်း လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်သောဆေးဝါးပုံစံကို တိကျစွာညွှန်ကြားသုံးစွဲစေပါတယ်။

🧪 ဆေးဝါးပုံစံ အမျိုးအစားပေါင်း (၁၀၀၀၀) ကျော်မှာမှ ဈေးကွက်ထဲတွင် ဆေးလုံး၊ ဆေးတောင့်၊ ဆေးရည်၊ ဆေးမှုန့်နှင့် ဂျယ်လ်ပုံစံတို့ကိုတော့ အများဆုံးတွေ့ရမှာပါ။ ဆေးရည်တွေကို ကလေးငယ်များနှင့် ဆေးလုံး ဆေးတောင့် သောက်သုံးရန် အခက်အခဲရှိသူများအတွက် အသုံးပြုကြပါတယ်။ သောက်သုံးရာတွင် ပိုမိုအဆင်ပြေမှုရှိစေဖို့ ဆေးရည်များကို အနံ့အရသာများ ထည့်သွင်းလေ့ရှိပါတယ်။ ဆေးရည်အမျိုးအစား (Liquid Dosage Form) မှာ အဓိကအားဖြင့် Solution, Syrup, Suspension, Elixir ဆိုပြီး ထပ်မံခွဲခြားထားပါသေးတယ်။

ဒီနေ့မှာတော့ တစ်မျိုးချင်းစီရဲ့ ခြားနားချက်များနဲ့ အသုံးဝင်ပုံများကို ဗဟုသုတ ရရှိစေရန် မျှဝေပေးပါရစေ…

▪️ Solution

ကြည်လင်သော ဆေးရည်အမျိုးအစား ဖြစ်ပါတယ်။ ဆေးမှုန့်လေးတွေက အရည်ထဲမှာ အပြည့်အ၀တစ်သားတည်းပျော်ဝင်နေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ သောက်သုံးရလွယ်ကူပေမယ့်လည်း စုပ်ယူမှုနှုန်းမြန်တဲ့အတွက် တခြားအရည်ပုံစံတွေလောက် ဆေးအာနိသင်ကို အချိန်ကြာကြာ မပေးစွမ်းနိုင်ပါဘူး။

💥 Solution ဆေးရည်တွေကိုတော့ ဖွင့်ပြီး (၆) လအတွင်းသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

▪️ Syrup

ကြည်လင်သော ဆေးရည်အမျိုးအစားပဲ ဖြစ်ပေမယ့် Solution ထက် အရည်ပိုပျစ်ပါတယ်။ Solution မှာတော့ ဆေးတွေက အရည်ထဲမှာ ညီညီမျှမျှ ပျော်ဝင်နေတာပါ။ ဆေးကို သကြားရည် (Sucrose/Fructose) နဲ့ ဖျော်စပ်ထားတာကြောင့် တခြားဆေးရည် အမျိုးအစားတွေထက် ပိုပြီးချိုနေတတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားများအတွက်တော့ မသင့်တော်ပါဘူး။ မဖြစ်မနေ သောက်သုံးရလျှင်လည်း သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပေးနေဖို့ လိုအပ်ပါတယ်။

ချိုမြတဲ့ အရသာ ရှိတာကြောင့် Syrup ကို ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားသော ဆေးရည်တွေမှာ အများဆုံး တွေ့ရမှာပါ။ Syrup မှာ ပါဝင်တဲ့သကြားရည်က သောက်လိုက်တဲ့အခါ လည်ပင်းတဝိုက်မှာ အလွှာတစ်ထပ်အနေဖြင့် ဖုံးအုပ်ပေးတာကြောင့် ချောင်းဆိုးရတာများလို့ လည်ချောင်းနာခြင်း၊ လည်ချောင်းခြောက်ပြီး ယားယံခြင်းတွေကို သက်သာစေပါတယ်။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေးတွေကိုလည်း Syrup ပုံစံ ထုတ်လုပ်ကြတာပါ။

💥 Syrup တွေကိုတော့ ဖွင့်ပြီး (၃) လအတွင်းသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

▪️ Suspension

ဆေးရည်အနောက်အမျိုးအစား ဖြစ်ပါတယ်။ တစ်ခါတည်း ဖျော်ပြီးသားလာသော suspension မျိုးလည်း ရှိသလို မိမိကိုယ်တိုင်ဖျော်စပ်ပေးရသော suspension မျိုးလည်းရှိပါတယ်။

‼️ ဆေးမှုန့်လေးတွေက အရည်ထဲမှာ အပြည့်အဝပျော်ဝင်မနေဘဲ အနည်ထိုင်နေတတ်တာကြောင့် ပုလင်းကို လှုပ်ပြီးသောက်မှသာ လိုအပ်သော ဆေးပမာဏကို တိတိကျကျ ရရှိမှာပါ။

ဒါကြောင့် ရေထဲတွင်ပျော်ဝင်မှု အားနည်းသောဆေး၊ များသောအားဖြင့် ကလေးပိုးသတ်ဆေးများကို Suspension ပုံစံထုတ်လုပ်ကြပါတယ်။

🛑မိမိကိုယ်တိုင် ဖျော်စပ်ပြီး ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသော suspension မျိုးဆိုလျှင် (၁၄) ရက်၊ အခန်းအပူချိန်တွင်ပဲ သိမ်းဆည်းထားသော suspension ဆိုလျှင် (၇) ရက်အတွင်းသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

▪️ Elixir

ကြည်လင်တဲ့ ဆေးရည်အမျိုးအစားဖြစ်ပါတယ်။ မပျော်ဝင်နိုင်တဲ့ ဆေးအမှုန်လေးတွေ နည်းနည်းပါးပါးကိုလည်း တွေ့ရတတ်ပါတယ်။ Elixir မှာတော့ ဆေးကို ရေ၊ alcohol တို့နဲ့ အချိုးကျ ဖျော်စပ်ထားတာပဲ ဖြစ်ပါတယ်။ Elixir မှာပါတဲ့ alcohol က ပုလင်းဖွင့်ပြီးနောက် ပိုးမွှားများ အလွယ်တကူ မပေါက်ပွားနိုင်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် syrup ထက် ပိုပြီး အထားခံပါတယ်။ ဈေးနှုန်းအရ တခြားဆေးရည်အမျိုးအစားတွေထက် အနည်းငယ်ပိုတာကိုလည်း တွေ့ရပါတယ်။

✔️ ဆေးရည်တွေက အပေါ်ယံကြည့်လိုက်ရင် တူသယောင် ထင်ရပေမယ့်လည်း နားလည်ထားဖို့ အရေးကြီးတဲ့ အဓိကခြားနားချက်လေးတွေကို သိထားမယ်ဆိုရင် အကျိုးရှိစွာအသုံးချနိုင်မှာ ဖြစ်တာကြောင့် ယခုလို မျှဝေလိုက်ခြင်း ဖြစ်ပါတယ်…💜

Leave a Comment